ဧရာဝတီတိုင်းမ်
ဧပြီ ၂၈ ရက်
မြန်မာနိုင်ငံမှာ စစ်တပ်က ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တာ ၅ နှစ်ကျော် ကြာလာတဲ့အထိ စစ်အုပ်ချုပ်သူတွေအပေါ် ဖိအား ဆက်လက်ပေးနိုင်ဖို့အတွက် ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ၂၀၂၇ ခုနှစ် မေလအထိ သက်တမ်းတိုးမြှင့် လိုက်ကြောင်း ဧပြီလ ၂၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ဒီအရေးယူဆောင်ရွက်ချက်တွေထဲမှာ လူပုဂ္ဂိုလ် ၁၀၅ ဦး နဲ့ အဖွဲ့အစည်း ၂၂ ခု ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းတာ၊ ခရီးသွားလာခွင့် ပိတ်ပင်တာနဲ့ လက်နက်ရောင်းချမှု ပိတ်ပင်တာတွေ ပါဝင်ပါတယ်။
ဒီပိတ်ဆို့မှုတွေကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုနဲ့ အဲဒီနောက်ပိုင်း ဆန့်ကျင်ကန့် ကွက်သူတွေကို နှိမ်နင်းမှုတွေ ဖြစ်ပွားခဲ့ပြီးနောက်မှာ စတင်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ဆက်လက်ဖြစ်ပေါ်နေပြီး အခြေခံ လွတ်လပ်ခွင့်တွေကို ကျယ်ကျယ်ပြန့်ပြန့် ကန့်သတ်ထားတာတွေကို ကိုးကားပြီး ၂၀၂၁ ခုနှစ် အာဏာ သိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချကြောင်း ဥရောပ သမဂ္ဂက ထပ်လောင်းအတည်ပြုပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှုအားလုံးကို ရပ်တန့်ဖို့နဲ့ မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့လည်း ဥရောပသမဂ္ဂက တောင်းဆိုပါတယ်။
ဧပြီလအစောပိုင်းမှာ အနောက်နိုင်ငံအစိုးရတွေက စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်အောင် လုပ် ဆောင်တဲ့ ဟန်ပြရွေးကောက်ပွဲလို့ ရှုတ်ချခဲ့ကြတဲ့ ရွေးကောက်ပွဲအပြီးမှာ အာဏာသိမ်းခေါင်းဆောင် မင်း အောင်လှိုင်ဟာ မြန်မာနိုင်ငံရဲ့ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပါတယ်။
ကုလသမဂ္ဂ ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းမှုနောက်ပိုင်း လူပေါင်း ၃.၆ သန်း ဟာ နေရပ်စွန့် ခွာ ထွက်ပြေးနေကြရပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အတည်ပြု ချက်အရ လူပေါင်း ၈,၀၀၀ နီးပါး သတ်ဖြတ်ခံခဲ့ရကာ လူပေါင်း ၃၁,၀၀၀ ခန့် ဖမ်းဆီးခံခဲ့ရကြောင်း သိ ရပါတယ်။
ဥရောပသမဂ္ဂအနေနဲ့ စစ်အုပ်စုထံ တိုက်ရိုက်ပေးအပ်တဲ့ ဘဏ္ဍာရေးဆိုင်ရာ အကူအညီတွေကို ဆက်လက်ပိတ်ပင်ထားသလို စစ်တပ်ခေါင်းဆောင်ပိုင်းကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရာ ရောက်စေမယ့် ဘယ်လိုအကူအညီမျိုးကိုမဆို ဆက်ပြီး ရပ်ဆိုင်းထားမယ်လို့ ပြောပါတယ်။
ကိုးကား – Reuters
Ref; EU extends sanctions against Myanmar by a year