ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ ဧပြီ ၂၆ ရက်)
မြန်မာနိုင်ငံရှိ နေရာအချို့ အထူးသဖြင့် တရုတ်ပြည်နဲ့ နီးစပ်တဲ့ နေရာအချို့မှာ မြေပေါ်မြေအောက် သယံဇာတ တွင်းထွက်တွေကို ပရမ်းပတာ စည်းလွတ်ဘောင်လွတ် ထိန်းချုပ်ကန့်သတ်မဲ့ ထုတ်ယူနေကြပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ သယံဇာတ ဈေးပေါပေါနဲ့ ဝယ်ယူတဲ့ နိုင်ငံရေး အမြတ်ထုတ်မှုတွေကြောင့်လည်း ဖြစ်ပါတယ်။
ဒါကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး သံလွင်-မဲခေါင် မြစ်တစ်လျှောက်မှာ ရေအရင်းအမြစ်တွေ အဆိပ် သင့်ကုန်ပါပြီ။ မြစ်ထဲက ငါးတွေ မစားကြဖို့ ထိုင်းအာဏာပိုင်တွေအပါအဝင် ဒေသခံပညာပေးအဖွဲ့တွေက ထုတ်ပြန်ကြေညာနေရတဲ့ အခြေအနေပါ။
အထူးသဖြင့် Thai PBS သတင်းဖော်ပြချက်အရ သံလွင်မြစ်အတွင်း စစ်ဆေးမှုတွေမှာ အာဆင်းနစ် (Arsenic) ဓာတ်ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ သတ်မှတ်စံနှုန်းထက် ၅ ဆကျော်အထိ ပိုများနေတာကို တွေ့ရှိထားရပါတယ်။
ဒါဟာ မြစ်အထက်ပိုင်း၊ အထူးသဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်းနဲ့ မြောက်ပိုင်းမှာ စနစ်တကျ ထိန်းချုပ်မှုမရှိတဲ့ ရွှေနဲ့ မြေရှားသတ္တု (Rare Earth) တူးဖော်ရေးလုပ်ငန်းတွေကနေ ဆိုင်ယာနိုက်၊ ပြဒါးနဲ့ ကက်ဒမီယမ်လို ဓာတု ပစ္စည်းတွေ မြစ်ထဲ စီးဝင်နေလို့ပါပဲ။ အဲဒီအဆိပ်တွေက ငါးတွေရဲ့ ကလီစာနဲ့ ဝမ်းဗိုက်ထဲမှာ စုပုံနေပြီး အဲဒါတွေကို ကျွန်တော်တို့ စားမိရင် ဘေးဥပဒ် ဖြစ်စေနိုင်ပါတယ်။
အထူးသဖြင့် သံလွင်မြစ်နဲ့ မဲခေါင်မြစ်ဝှမ်းတစ်လျှောက် နေထိုင်ကြတဲ့ မိဘပြည်သူတွေအတွက် ကျန်းမာရေးစိုးရိမ်စရာတွေဖြစ်ပေါ်နေပါတယ်။လက်ရှိအချိန် နယ်စပ်ဒေသအချို့၌ စနစ်တကျ ထိန်းချုပ်မှုမရှိဘဲ သယံဇာတများ တူးဖော်နေခြင်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ရေထုညစ်ညမ်းမှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေရပါတယ်။
မြစ်ချောင်းများအတွင်းသို့ စီးဝင်လာသော ဓာတုပစ္စည်းတွေနဲ့ ကျန်းမာရေးဆိုးကျိုးဖြစ်နိုင်တဲ့ သတ္တုဒြပ်စင်တွေဟာ ရေရှည်မှာ ဒေသခံပြည်သူတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။
ရေထုညစ်ညမ်းမှုနှင့် အဆိပ်သင့်နိုင်ခြေရှိသော သတ္တုများ
သတ္တုတူးဖော်ရာတွင် အသုံးပြုလေ့ရှိသော ဓာတုပစ္စည်းများနှင့် မြေကြီးအတွင်းမှ ထွက်လာသောဘေးထွက် ပစ္စည်း များကြောင့် ညစ်ညမ်းသွားသောရေတွင် ခဲ (Lead)၊ ပြဒါး (Mercury)၊ အာဆင်းနစ် (Arsenic)၊ ကတ်ဒမီယမ် (Cadmium) ဆိုတဲ့ သက်ရှိတွေအတွက်ဘေးအန္တရာယ်ဖြစ်နိုင်တဲ့ ပစ္စည်းတွေပါဝင်နိုင်ပါတယ်။
အဲ့ဒီလို ဘေးအန္တရာယ်ဖြစ်နိုင်တဲ့ သတ္တုတွေက ခဲဆိပ့်သင်ခြင်းအန္တရာယ်ကို ယခုတစ်ပတ်မှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ခဲဆိပ်သင့်ခြင်း (Lead Poisoning)
ခဲ ဟာ သဘာဝပတ်ဝန်းကျင်မှာ ရှိနေနိုင်တဲ့ သတ္တုတစ်မျိုး ဖြစ်ပေမဲ့ ခန္ဓာကိုယ်ထဲကို ပမာဏတစ်ခုထက်ပိုပြီး ရောက်ရှိလာရင်တော့ အဆိပ်အတောက် ဖြစ်စေပါတယ်။ ခန္ဓာကိုယ်က ခဲဓာတ်ကို လုံးဝ (လုံးဝ) မလိုအပ်ပါဘူး။ ခဲဟာ ခန္ဓာကိုယ်ထဲရောက်သွားရင် အရိုးတွေ၊ သွေးတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေထဲမှာ နှစ်ပေါင်းများစွာ စုပုံနေတတ်ပါတယ်။
လွန်ခဲ့တဲ့ ၁၅နှစ်ကျော်ကဆို ဆိုးဆိုးရွားရွားခဲဆိပ်သင့်ခြင်း ကျန်းမာရေးပြသနာကို တံငါရွာကကလေးတွေမှာ တွေ့ရပါတယ်။ တံငါသည်တွေ သုံးတဲ့ ငါးဖမ်းပိုက်တွေရေပိုက်မြုပ်ဖို့အတွက် ခဲသီး ခဲလုံး (Lead sinkers) တွေကို အသုံးပြုကြပါတယ်။ ငါးဖမ်းကိရိယာတွေကို အမြဲထိတွေ့ကိုင်တွယ်ပြီးနောက် လက်ကို သေချာမဆေးဘဲ အစားအစာစားခြင်း၊ ဆေးလိပ်သောက်ခြင်းတို့ကနေတစ်ဆင့် ခဲဓာတ်တွေ ခန္ဓာကိုယ်ထဲ ဝင်ရောက်နိုင်ပါတယ်။
ကလေးငယ်များ ငါးဖမ်းကရိယာများကို ကိုင်တွယ်ဆော့ကစားတာက ခဲဆိပ်သင့်ခအန္တရာယ်ရှိပါတယ်။
တံငါသည်များ နှင့် တံငါသည်သားသမီးများ ငါးဖမ်းကိရိယာများကြောင့် ခဲဆိပ်သင့်ရပါတော့တယ်။ အချို့သော တံငါသည်တွေဟာ ခဲလုံးတွေကို အရည်ကျိုတာ၊ ဖြတ်တောက်တာ၊ ကိုယ်တိုင်သွန်းလုပ်တာမျိုးတွေကြောင့် ခဲအငွေ့တွေ (Lead fumes) ကို ရှူမိပြီး ပိုမိုပြင်းထန်စွာ အဆိပ်သင့်နိုင်ပါတယ်။
ခဲဆိပ်သင့်အန္တရာယ်ရှိတဲ့အခြေအနေတွေ
သယံဇာတသတ္တုတူးဖော်ရေး သန့်စင်ရေးလုပ်ငန်းတွေအပြင် ဘက်ထရီလုပ်ငန်း ကားဘက်ထရီဟောင်းများ ပြုပြင်ခြင်းနှင့် ခဲကျိုခြင်းလုပ်ငန်းမှာခဲဓာတ်ပါသော ဆေးဟောင်းများကို ခြစ်ထုတ်ခြင်း၊ ပြန်လည်သုတ်ခြင်း စတဲ့ဆေးသုတ်လုပ်ငန်း၊ ဂဟေဆော်ခြင်းလုပ်ငန်းတို့ကြောင့်လည်း ခဲဆိပ်သင့်တတ်ပါတယ်။
အချို့သော ရိုးရာတိုင်းရင်းဆေးများတွင် သတ္တုဓာတ်များ ပါဝင်ပါတယ်။ အချို့မျက်ခွံခြယ်သအလှအပပစ္စည်းများ အလှကုန်ပစ္စည်းများ မှာလည်း ခဲပါဝင်တတ်ပါတယ်။
ခဲဆိပ်သင့်ရောဂါလက္ခဏာများ (Signs and Symptoms)
ခဲဆိပ်သင့်ခြင်းဟာ တစ်ခါတည်းနဲ့ လက္ခဏာမပြဘဲ ခန္ဓာကိုယ်ထဲမှာ ခဲဓာတ်တွေ များလာမှသာ ပြလေ့ရှိပါတယ်။လူကြီးတွေမှာ သွေးတိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်နှင့် ကြွက်သားများ နာကျင်ခြင်း၊ မှတ်ဉာဏ်လျော့နည်းခြင်း၊ အာရုံစူးစိုက်မှုမရှိခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမ်းချုပ်ခြင်း။ (အမျိုးသားများတွင် သုက်ပမာဏကျဆင်း၍ မြုံခြင်း ၊ အမျိုးသမီးများတွင် ကိုယ်ဝန်ပျက်ကျခြင်း/ လမစေ့ဘဲ ကလေးမွေးခြင်း) စသည်ဖြင့်ကြုံတွေ့ရပါတယ်။
ကလေးငယ်များမှာတော့ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ အလွန်အမင်း ဂနာမငြိမ်ဖြစ်ခြင်း၊ အန်ခြင်း၊ ဝမ်းဗိုက်နာခြင်းနှင့် ဦးနှောက်ဖွံ့ဖြိုးမှုနောက်ကျခြင်း ဆိုတဲ့ပြဿနာတွေ ကြုံလာရပါတယ်။
ဆေးစစ်ရောဂါရှာဖွေခြင်း(Investigation)
သွေးစစ်ခြင်း (Blood Lead Level – BLL) ဖြင့် အဓိက ရှာဖွေနိုင်ပြီး သွေးအားနည်းရောဂါ ရှိ၊ မရှိကိုလည်း စစ်ဆေးရပါမည်။ ကုသရာတွင် ခဲနှင့် ထိတွေ့နေသည့် အရင်းအမြစ်မှ ဝေးရာသို့ ဖယ်ရှားရန် အရေးကြီးဆုံး ဖြစ်ပါသည်။ သွေးထဲတွင် ခဲဓာတ် အလွန်များပါက သောက်ဆေး၊ ထိုးဆေး (Chelation Therapy) များဖြင့် ကုသပေးရပါသည်။ ခန္ဓာကိုယ်၏ ခဲဓာတ်စုပ်ယူမှုကို လျှော့ချရန် ကယ်လ်ဆီယမ်၊ သံဓာတ်နှင့် ဗီတာမင်စီ ကြွယ်ဝသော အစားအစာများကို စားသုံးသင့်ပါသည်။
ခဲဆိပ်သင့်ခြင်းကို အတည်ပြုဖို့အတွက် သွေးစစ်ခြင်း(Blood Lead Level – BLL) ကသာ အဓိကဖြစ်ပါတယ်။ သွေးထဲမှာ ခဲဓာတ်ပမာဏ ဘယ်လောက်ရှိလဲဆိုတာ တိုင်းတာတဲ့ စစ်ဆေးမှု Blood Lead Level (BLL) ခဲဓာတ်ဟာ သွေးနီဥထုတ်လုပ်မှုကို နှောင့်ယှက်လို့ Full Blood Count (FBC/CBC) စစ်ဆေးတဲ့အခါ သွေးအား နည်းရောဂါ (Anemia) ကို တွေ့ရနိုင်ပါတယ်။
ကလေးငယ်တွေ ခဲပါတဲ့ပစ္စည်းတွေကို မျိုချမိတယ်လို့ သံသယရှိတဲ့အခါမှာဖြစ်စေ အရိုးတွေထဲမှာ ခဲဓာတ်စုပုံနေတာကို ကြည့်ဖို့ဖြစ်စေ X-ray ဓာတ်မှန်ရိုက်ပါတယ်။
ကုသခြင်း (Treatment)
အရင်းမြစ်ကို ဖယ်ရှားဖို့ကအရေးကြီးဆုံးဖြစ်ပါတယ်။ ခဲနဲ့ ထိတွေ့နေတဲ့ နေရာတွေ ပစ္စည်းတွေကနေ ဝေးရာမှာ နေပါ။သွေးထဲမှာ ခဲဓာတ် အလွန်အမင်းများနေရင် ခဲဓာတ်တွေကို ဆီးကနေတစ်ဆင့် စွန့်ထုတ်ပေးတဲ့ သောက်ဆေး ထိုးဆေး (Chelation Drug Therapy) ဆေးဝါးများဖြင့် ကုသပေးရပါတယ်။
ခန္ဓာကိုယ်က ခဲဓာတ်စုပ်ယူမှုကို လျှော့ချဖို့အတွက် Calcium (ကယ်လ်ဆီယမ်)၊ Iron (သံဓာတ်) နဲ့ Vitamin C ကြွယ်ဝတဲ့ အစားအစာတွေကို စနစ်တကျရွေးချယ်စားသုံးပြီး အာဟာရဖြည့်တင်းရပါတယ်။
ခဲဆိပ်သင့်အန္တရာယ်မှ ကာကွယ်ခြင်း (Prevention)
မကြာခဏလက်ဆေးပါ။ အပြင်က ပြန်လာတိုင်း၊ အစားမစားမီနဲ့ ငါးဖမ်းကိရိယာများ ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးပါ။ ခဲနှင့် ထိတွေ့သော အလုပ်လုပ်သူများအနေနဲ့ လုပ်ငန်းခွင်မှာ အကာ အကွယ် ဝတ်စုံဝတ်ပါ။ အိမ်ပြန်လျှင် အလုပ်ဝတ်စုံကို ချက်ချင်းလဲပြီး သီးသန့်လျှော်ဖွတ်ပါ။
အစားအသောက်ရွေးချယ်ရာမှာလည်း သံဓာတ်နှင့် ကယ်လ်ဆီယမ် ကြွယ်ဝသော အစားအစာများ (အသား၊ ငါး၊ နို့၊ ဥ) ကို ပိုစားပါ။ ခန္ဓာကိုယ်မှာ အာဟာရပြည့်ဝနေရင် ခဲဓာတ်စုပ်ယူမှုကို အတိုင်းအတာတစ်ခုအထိ တားဆီးနိုင်ပါတယ်။ ခဲဓာတ်ပါနိုင်ခြေရှိသော မြစ်ရေ/တွင်းရေများကို တိုက်ရိုက်သောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။သန့်ရှင်းသောရေ စနစ်တကျသန့်စင်ထားသောရေ ရေသန့်များကိုသာရွေးချယ်သောက်သုံးပါ။
World Health Organization (WHO), Mayo Clinic, CDC (Center for Disease Control and Prevention) စတဲ့ အချက်အလက်ခိုင်မာပြီး မှန်ကန်တဲ့ အဖွဲ့အစည်းများမှ ထုတ်ပြန်ချက်များအတိုင်း ကိုးကားပြီးကျန်းမာရေးပညာပေးထားတာဖြစ်ပါတယ်။
မိမိဒေသမှာ ခဲဆိပ်သင့်တဲ့ လက္ခဏာတွေ ခံစားနေရတယ်လို့ သံသယရှိရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ သွေးစစ်ဆေးပြီး ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ကျန်းမာရေးကို တန်ဖိုးထားရပါမယ်။
ငါးနှင့် ရေထွက်ပစ္စည်းများ စားသုံးခြင်းဆိုင်ရာ အန္တရာယ်
မြစ်ထဲတွင် စွန့်ပစ်ထားသော အဆိပ်အတောက်များကို ငါးများက စားသုံးမိပြီး ငါးကိုယ်ခန္ဓာ (အဆီနှင့် ကလီစာ)တွင် အဆိပ်အတောက်များ စုစည်းတည်ရှိနေပါတယ်။အဆိပ်သင့်ငါးများကို စားသုံးမိပါက အာရုံကြောစနစ်ကို တိုက်ရိုက်ထိခိုက်နိုင်ပြီး ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေမှာ မလွဲပါဘူး။ အိမ်နီချင်းနိုင်ငံအာဏာပိုင်များက မစားသုံးရန် တားမြစ်ထားသော နေရာများမှ ငါးများကို အထူးရှောင်ကြဉ်ရပါမည်။
ခဲဆိပ်ကြောင့်ဖြစ်သောကျန်းမာရေး ပြဿနာများ
အဆိပ်သင့်နေသော ရေကို ထိတွေ့မိပါက ယားယံခြင်း၊ အဖုအပိမ့်ထွက်ခြင်းနှင့် နာတာရှည် အရေပြားအနာများ ဖြစ်နိုင်ပါတယ်။ညစ်ညမ်းသောရေကို သောက်သုံးမိပါက နာတာရှည် ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် အစာခြေကိုယ်တွင်းအင်္ဂါများ၊ အသည်း၊ ကျောက်ကပ် ပျက်စီးခြင်းများ ဖြစ်နိုင်ပါတယ်။
သဘာဝပတ်ဝန်းကျင် ပျက်စီးမှုသည် ချက်ချင်း မသိသာသော်လည်း နောင်မျိုးဆက်သစ်များအတွက် “ကြိုတင်စောင့်နေတဲ့ လူသတ်သမား” ဖြစ်လာနိုင်ပါတယ်။ မိမိတို့၏ ကျန်းမာရေးအတွက် ကိုယ်တိုင် သတိပြု ဆင်ခြင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
နောက်တစ်ပတ်မှာတော့ ကျန်ရှိနေတဲ့ ပြဒါး (Mercury)၊ အာဆင်းနစ် (Arsenic)၊ကတ်ဒမီယမ် (Cadmium) အဆိပ်သင့်ခြင်း ကျန်းမာရေးပြဿနာများကိုတင်ဆက်ပေးမှာဖြစ်တာကြောင့်စောင့်မျှော်ကြပါဦးခင်ဗျာ။