ဧရာဝတီတိုင်းမ်
ဧပြီ ၂၇ ရက်
အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲမှာ သေနတ်နဲ့ပစ်ခဲ့တဲ့သူဟာ ခရစ်ယာန်ဘာ သာအပေါ် မုန်းတီးစိတ်အပြည့်ရှိသူ ဖြစ်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
အဲဒီတိုက်ခိုက်သူရဲ့ ကြေညာချက်အရ သူဟာ ဘာသာရေးဆိုင်ရာ မုန်းတီးမှုတွေနဲ့ နစ်မွန်းနေသူ ဖြစ်တာကို တွေ့ရတယ်လို့ Fox News ကို ၎င်းက ပြောတာပါ။
“ဒီလူ့ရဲ့ ရင်ထဲမှာ မုန်းတီးမှုတွေ ကိန်းအောင်းနေတာ တော်တော်ကြာနေပြီ” လို့ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့မှာ ပြောခဲ့ပြီး တိုက်ခိုက်ရတဲ့ အကြောင်းရင်းကတော့ ခရစ်ယာန်ဆန့်ကျင်ရေး စိတ်ဓာတ် ပြင်းထန်နေလို့ပဲလို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီသံသယရှိသူမှာ ပြဿနာတွေရှိနေတာကို သူ့မိသားစုက သိထားပြီးသားဖြစ်လို့ ဒီ ထက်ပိုပြီး ပြတ်ပြတ်သားသား သတင်းပို့တိုင်ကြားသင့်တာလို့ လည်း ဒေါ်နယ်ထရမ့်က ဝေဖန်ခဲ့ပါတယ်။
“ကျွန်တော်တို့နိုင်ငံရဲ့ လားရာကို ပြောင်းလဲပစ်ဖို့ ကြိုးစားတဲ့ ဒီလိုစိတ်မနှံ့တဲ့လူယုတ်မာမျိုးကို ကျွန်တော် တော်တော်မုန်းတယ်” လို့ သူက ဆိုပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်က လုံခြုံရေးအဖွဲ့ရဲ့ ဆောင်ရွက်ချက်ကို ချီးကျူးစကား ပြောခဲ့ပြီး တိုက် ခိုက်သူဟာ NFL အမေရိကန်ဘောလုံးကစားသမားတစ်ယောက်လို အတင်းပြေးဝင်လာခဲ့ပေမဲ့ တံခါးဝကို မရောက်ခင်မှာပဲ လုံခြုံရေးတွေက တားဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။
နောက်နောင်မှာ အခုလိုမျိုး မဖြစ်ရအောင် အိမ်ဖြူတော်ဝင်းထဲမှာပဲ အလွန်လုံခြုံတဲ့ ခန်းမအသစ် တစ်ခု ဆောက်ဖို့ အစီအစဉ်ကိုလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ အဲဒီခန်းမမှာ ၄ လက်မနီးပါး အထူ ရှိတဲ့ ကျည်ကာမှန်တွေ တပ်ဆင်မှာဖြစ်သလို ဒရုန်းတွေနဲ့ တိုက်ခိုက်တာကိုပါ ကာကွယ်နိုင်မှာဖြစ်လို့ ကမ္ဘာပေါ်မှာ လုံခြုံရေးအကောင်းဆုံးနေရာဖြစ်လာမယ်လို့ သူက ဆိုပါတယ်။
သံသယရှိသူရဲ့ အမည်ကတော့ ကိုးလ်အလန်ဖြစ်ပြီး သူ့ကို ဝါရှင်တန်ဟီလ်တန်ဟိုတယ်မှာ စနေ နေ့က ဖမ်းဆီးရမိခဲ့တာပါ။ ခေတ္တရှေ့နေချုပ်ဖြစ်သူ တော့ဒ်ဘလန့်ချ်က အလန်ဟာ တားဆီးမခံရခင်မှာ လုံခြုံရေးစည်းကို ကျော်ဖြတ်ဖို့ ခြေလှမ်းအနည်းငယ်ပဲ လိုတော့တာ လို့ ပြောပါတယ်။
စုံစမ်းစစ်ဆေးသူတွေက အဲဒီဟိုတယ်မှာ အလန်ရဲ့ မှတ်တမ်းအထောက်အထားတချို့ကို ရှာဖွေ တွေ့ရှိခဲ့ပြီး အဲဒီထဲမှာ အစိုးရအဖွဲ့ဝင်တွေကို ပစ်မှတ်ထားဖို့ ရည်ရွယ်ချက်တွေအပြင် သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာလည်း ခရစ်ယာန်ဘာသာကို ဆန့်ကျင်တဲ့ ရေးသားချက်တွေကို တွေ့ရှိခဲ့ရပါတယ်။
ကိုးကား – TRT World
Ref; White House dinner attacker had ‘a lot of hatred in his heart’: Trump