အမရာမွန်/ဧရာ၀တီတိုင်းမ်
ဧပြီ ၂၅ ရက်
ရန်ကုန်မြို့အပါအဝင် မြို့ကြီးများရှိ စက်သုံးဆီဆိုင်များတွင် နေ့စဉ်နှင့်အမျှ ယာဉ်တန်းရှည်ကြီးများဖြင့် ဆီရရှိရန် တန်းစီစောင့်ဆိုင်းနေရသည့် မြင်ကွင်းသည် ပုံမှန်ကဲ့သို့ ဖြစ်နေခဲ့ပြီ။ လှိုင်မြို့နယ်၊ သီရိ မင်္ဂလာဈေးသစ်ရှေ့ရှိ Max ဆီဆိုင်တွင် တန်းစီနေသည့် မော်တော်ယာဉ်တန်းမှာ ဘုရင့်နောင်တံတား အနီးအထိ ကီလိုမီတာနှင့်ချီ၍ ရှည်လျားလျက်ရှိသည်။
ထို့ကဲ့သို့သော မြင်ကွင်းမျိုးကို ရန်ကုန်မြို့အနှံ့အပြားတွင် မြင်တွေ့နိုင်ပြီး ယင်းသည် မြန်မာနိုင်ငံ၏ စက်သုံးဆီဈေးကွက်အတွင်း ကျရောက်နေသော အကျပ်အတည်းကို သက်သေပြနေသည့် ပုံရိပ် တစ်ခုပင် ဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများ၏ ရိုက်ခတ်မှုကြောင့် ပြည်တွင်းစက်သုံးဆီဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လာသည့်အပြင် လိုအပ်သလောက် ဝယ်ယူ၍မရသော အကျပ်အတည်းနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။
“ကမ္ဘာ့နိုင်ငံအများအပြားမှာ စက်သုံးဆီအကျပ်အတည်း ခံစားနေရပေမဲ့ မြန်မာနိုင်ငံမှာတော့ အခြားသော အထွေထွေအကျပ်အတည်းတွေနဲ့ပါ ရင်ဆိုင်နေရလို့ ထိခိုက်မှု ပိုမိုပြင်းထန်လိမ့်မယ်” ဟု စီးပွားရေးကျွမ်းကျင်သူတစ်ဦးက ထောက်ပြသည်။
အာဏာသိမ်းစစ်အစိုးရသည် ထို့ကဲ့သို့ စက်သုံးဆီအကျပ်အတည်းနှင့် နိုင်ငံခြားငွေ ပြတ်လပ်မှုကို ထိန်းချုပ်ရန်အတွက် ပြီးခဲ့သည့် ဖေဖော် ဝါရီလ ၂၀ ရက်မှစတင်ကာ စနစ်တကျ ကြပ်မတ်မှုများကြောင့် နေ့စဉ်ပျမ်းမျှ ဆီသုံးစွဲမှုမှာ ၃.၅၄ သန်းဂါလန်မှ ၂.၅ သန်းဂါလန်သို့ လျော့ကျသွားကြောင်း သိရသည်။
စက်သုံးဆီသုံးစွဲမှုကို ၂၉ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ခြင်းကြောင့် တစ်ရက်လျှင် နိုင်ငံခြားငွေ ဒေါ်လာ ၆ သန်းခန့်၊ တစ်နှစ်လျှင် ဒေါ်လာ သန်း ၂,၀၀၀ ခန့် သက်သာစေသည်ဟုပင် အာဏာသိမ်းအစိုးရကဆိုသည်။
စီးပွားရေးပညာရှင်များကမူ အာဏာသိမ်းအစိုးရ၏ လုပ်ရပ်သည် သက်သာခြင်း မဟုတ်ဘဲ ဆီဝယ်ယူရန် လိုအပ်သည့် နိုင်ငံခြားငွေပြတ်လပ်နေခြင်းဖြစ်ပြီး နိုင်ငံခြားငွေ မသုံးနိုင်၍ စက်သုံးဆီဝယ်ယူမှု လျှော့ချခြင်းကို ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ထောက်ပြသည်။
“အရှေ့အလယ်ပိုင်း စစ်ရေးအခြေအနေ ပြေလည်သွားနိုင်ပေမယ့် နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချလိုတဲ့ စစ်အုပ်စုရဲ့ မူဝါဒတွေကြောင့် မြန်မာ့စက်သုံးဆီ အကျပ်အတည်းဟာ ရေရှည်မှာ ပြေလည်ဖို့ အလှမ်းဝေးနေဦးမယ်” ဟု စီးပွားရေးပညာရှင်က ဆိုသည်။
အာဏာရှင်က လက်ရှိကျင့်သုံးနေသော QR Code စနစ်နှင့် ကီလိုမီတာအကွာအဝေးအလိုက် ခွဲတမ်းသတ်မှတ်ချက်များသည် ပြည်သူတို့၏ သုံးစွဲမှုကို အတင်းအကျပ် လျှော့ချထားသည့် စီမံကိန်းချ ထိန်းချုပ်မှုသာ ဖြစ်သည်။ မြေပြင်တွင် ဆိုင်ကယ်များအား ဆီဖြည့်ခွင့် ကန့်သတ်ခြင်းနှင့် လိုင်စင်မဲ့ယာဉ်များအား ဆီမရောင်းခြင်းတို့ကြောင့် ဆိုင်ကယ်ကယ်ရီသမားများမှာ မှောင်ခိုဈေးကွက်ကို အားကိုးလာရပြီး တစ်လီတာလျှင် ကျပ် ၁၀,၀၀၀ ကျော်အထိ ပေးဝယ်နေရသည်။
“အရင်က ကြိုက်တဲ့ဆိုင်မှာ ဝယ်လို့ရတယ်။ နောက်ပိုင်းလိုင်စင်ရှိမှ ရောင်းမယ်ဆိုတော့ ဆီရဖို့ အခက် တွေ့ရတာပေါ့။ ဆိုင်ကယ်တွေကို လိုင်စင်မှ ထုတ်မပေးထားတော့ မှောင်ခိုဝယ်ရတယ်။ ဆိုင်တွေမှာ ၉၂ ဓာတ်ဆီက ၅၀၀၀ (ကျပ်) မကျော်ပေမယ့် အပြင်မှာတော့ ၁၁၀၀၀ ကနေ ၁၂၀၀၀ အထိ ပေးဝယ်ရတယ်။ ကယ်ရီခလည်း အနီးအဝေးပေါ် မူတည်ပြီး ၅၀၀ ၊ ၁၀၀၀ စျေးပိုယူရတယ်” ဟု အင်းစိန်မြို့နယ်မှ ဆိုင်ကယ် ကယ်ရီသမားတစ်ဦးက ရင်ဖွင့်သည်။
စက်သုံးဆီ အကျပ်အတည်းသည် သယ်ယူပို့ဆောင်ရေးသာမက၊ လျှပ်စစ်မီးမမှန်သဖြင့် မီးစက်ကို အားကိုးနေရသည့် အသေးစားလုပ်ငန်းများ၊ ဆေးခန်းများနှင့် စိုက်ပျိုးရေးကဏ္ဍကိုပါ အထွေထွေကုန်ဈေးနှုန်း မြင့်တက်မှုအဖြစ် ရိုက်ခတ်စေခဲ့သည်။ အချို့သော စားသောက်ဆိုင်များမှာ လုပ်ငန်းပိတ်သိမ်းရသည်အထိ ရှိလာသလို တောင်သူများမှာလည်း လယ်ယာသုံးစက်ပစ္စည်းများအတွက် ဆီဝယ်ယူရန် ခက်ခဲနေကြသည်။
စက်သုံးဆီ လွတ်လပ်စွာဝယ်ယူခွင့်မရခြင်းကြောင့် အခြေခံလူတန်းစားများ မှီခိုနေရသည့် ဆိုင်ကယ် ကယ်ရီများ၊ အသေးစားလုပ်ငန်းများ၊ ဆေးခန်းများနှင့် ကုန်ထုတ်လုပ်ငန်းများမှာ မီးစက်အတွက် လိုအပ်သော စက်သုံးဆီကို မှောင်ခိုဈေးနှုန်းဖြင့် ဝယ်ယူနေရသည်။
“ဆီဝယ်ရတာခက်တော့ ဂါလံနဲ့ရဖို့ ချိတ်ဆက်ရတယ်။ ဆေးခန်းကို မနက်ကနေ ညနေထိဖွင့်တော့ မီးပြတ်ချိန်ဆို မီးစက်သုံးရတယ်။ မီးကအမြဲပြတ်နေတော့ မီးစက်ပဲသုံးနေရတယ်။ ဆေးခန်းဆိုတော့ အဲယားကွန်းလည်းသုံးရတယ်၊ စက်တွေလည်းသုံးရတယ်၊ ကုန်ကျစရိတ်တွေ ပိုများသွားတာပေါ့” ဟု အင်းစိန်မြို့နယ်ရှိ အထွေထွေဆေးခန်းတစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံ၏ စက်သုံးဆီသုံးစွဲမှုသည် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်ပါက သိသိသာသာ နည်းပါးနေသည်ကို တွေ့ရသည်။
ထိုင်းနိုင်ငံသည် တစ်ရက်လျှင် ဒီဇယ်နှင့် ဓာတ်ဆီ စုစုပေါင်း လီတာ သန်း ၁၀၀ နီးပါး သုံးစွဲနေချိန်တွင် မြန်မာ နိုင်ငံသည် ၁၁ သန်းကျော် (ဂါလန် ၂.၅ သန်း) ခန့်သာ သုံးစွဲနိုင်သည်။ ဒေသတွင်း အညွှန်း ကိန်းများအရ အာဆီယံနိုင်ငံများတွင် စက်သုံးဆီ တစ်ဦးချင်းပျမ်းမျှ သုံးစွဲမှုမှာ တစ်နှစ်လျှင် ၁၉၂ လီတာ ရှိသော်လည်း မြန်မာနိုင်ငံသားတစ်ဦး၏ သုံးစွဲမှုမှာ ၅၁ လီတာခန့်သာ ရှိသဖြင့် ၄ ဆနီးပါး ကွာဟနေသည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခများက ကမ္ဘာ့ဆီဈေးကို ရိုက်ခတ်နေသကဲ့သို့ ပြည်တွင်း တွင်လည်း နိုင်ငံရေးအကျပ်အတည်းကြောင့် စီးပွားရေးမှာ ပုံမှန်လည်ပတ်နိုင်ခြင်းမရှိဘဲ ဖြစ်နေသည်။
“အာဏာရှင်က စက်သုံးဆီကို ထိန်းချုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားနေတာ။ အညာဒေသနဲ့ တော်လှန် ရေးနယ်မြေတွေမှာပါ ဆီခက်အောင် လုပ်ထားသလို၊ မြို့တွေမှာလည်း လူတွေကို တန်းစီခိုင်းထားပြီး အကျပ် ကိုင်နေဦးမှာပဲ” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။
လက်ရှိဖြစ်ပေါ်နေသော မြန်မာ့စက်သုံးဆီ အကျပ်အတည်းသည် ယာယီဖြစ်ပေါ်သော ကမ္ဘာ့ရေနံဈေး ရိုက်ခတ်မှုထက် ပြည်တွင်းစီမံခန့်ခွဲမှု ကျရှုံးခြင်းနှင့် နိုင်ငံခြားငွေ ပြတ်လပ်မှုကြောင့် ဖြစ်ပေါ်လာသည့် ရေရှည်စိန်ခေါ်မှုကြီးပင် ဖြစ်နေသည်။
ထို့ကြောင့် အာဏာရှင် ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံတွင် စက်သုံးဆီကို လွတ်လပ်စွာ ဝယ်ယူခွင့် ရရှိရေးဆိုသည်မှာ လက်ရှိအခြေအနေများအောက်တွင် အလှမ်းဝေးနေဦးမည့် အိပ်မက် တစ်ခုသာ ဖြစ်နေပေတော့သည်။
#စက်သုံးဆီ #လွတ်လပ်စွာဝယ်ယူခွင့် #အလှမ်းဝေးဆဲအိပ်မက် #သတင်းဆောင်းပါး #အမရာမွန် #AyeyarwaddyTimes
စက်သုံးဆီဆိုင်ရာ အဓိကမှတ်တမ်းများ (၂၀၂၆ ခုနှစ်)
စက်သုံးဆီထူးခြားဖြစ်စဉ်
-မတ် ၃
ယာဉ်များကို စုံ/မ တစ်ရက်ခြား မောင်းနှင်စေသည့် စနစ်စတင်။
-မတ် ၁၁
QR Code စနစ်ဖြင့် စက်သုံးဆီနှင့် Wheel Tax ဝယ်ယူမှု စတင်။
-မတ် ၂၆
အင်ဂျင်ပါဝါအလိုက် ခွဲတမ်းကို တစ်ပတ် ၂ ကြိမ်သာ ဝယ်ယူခွင့်ပြု။
-ဧပြီ ၂
တက္ကစီများကို ခရီးစဉ်အကွာအဝေးအလိုက်သာ ဆီပြန်ဖြည့်ခွင့်ပြု။
-ဧပြီ ၇
စနစ်သစ်ကြောင့် ဒေါ်လာ သန်း ၂,၀၀၀ ခန့် သက်သာကြောင်း စစ်ကော်မရှင် ထုတ်ပြန်။