နွေဦးမောင်/ဧရာဝတီတိုင်းမ်

ပုသိမ်၊ ဇွန်လ ၃၀ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်အကျဥ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားတွေကျန်းမာရေးအခြေနေစိုးရိမ်ရတယ်ဆိုပြီး ၎င်းတို့ရဲ့မိသားစုတွေဆီကို အမျိုးသမီးတစ်ဦးကဖုန်းဆက်ပြီးငွေလိမ်လည်နေတယ်လို့ နိုင်ငံရေးအကျဥ်းသားများအရေး ကူညီပေးနေသူတစ်ဦးထံကနေ သိရပါတယ်။

” ခုလ ၂၇ ရက်နေ့ကMytelဖုန်းနံပါတ် (096937050 15) နဲ့ ဆက်တာ။ ထောင်ကဆက်သလိုလိုနဲ့။ ကျန်းမာရေးကတော်တော်ဆိုးနေပြီ။ ငွေလွှဲမှအသက်ရှင်နိုင်မယ်ဆိုပြီးပြောလို့လွှဲလိုက်ရတယ်။ ကိုယ်တွေက ထောင်၀င်စာပဲပေးရတာ ထောင်ကျနေတဲ့လူချင်းမတွေ့ရတော့
စိတ်ပူပြီး Waveနဲ့လွှဲလိုက်တာ။ မနေ့က မနက်မှလိမ်ပြီးတောင်းမှန်းသိရတာ”လို့ နိုင်ငံရေးအကျဥ်းသားတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပုသိမ်မြို့က ၅၀၅(က) နဲ့ ထောင်ကျနေတဲ့နိုင်ငံရေးအကျဥ်းသား ၆ ဦးရဲ ့မိသားစုတွေကိုလိုက်လံဆက်သွယ်လိမ်လည်နေတာဖြစ်ပြီး တစ်ဦးလျှင် ခြောက်သောင်းကျပ်စီ Wave Money နဲ့လွှဲပေးခဲ့ရပြီး ယခုလိမ်လည်သောဖုန်းကိုဆက်သွယ်ရာ ဖုန်းမှားနေတယ်လို့သာ ဖြေဆိုနေတယ်လို့ ၎င်းက ဆက်လက်ပြောဆိုပါတယ်။

“ဆက်တဲ့ဖုန်းက Wave အကောင့်မရှိဘူး။ သူက Passwordနဲ့ လွှဲခိုင်းတာ။ ကျွန်တော်တို့မိသားစုတွေရဲ့ ဖုန်းနံပါတ်နဲ့ နေရပ်လိပ်စာအတိအကျသိတာ။ ထောင်၀န်ထမ်းနဲ့ နီးစပ်တဲ့လူပဲလို့ထင်တယ်။ အတိအကျကြီးဆက်တော့ တကယ်ထင်ပြီးလွှဲပေးလိုက်ရတာ”လို့ နိုင်ငံရေးအကျဥ်းသားတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပုသိမ်အကျဥ်းထောင်မှာ ပုသိမ်ခရိုင်အတွင်းမှ နိုင်ငံရေးအကျဥ်းသား အမျိုးသား ၂၇၀ နီးပါးနှင့် အမျိုးသမီး ၅၀ ဦးခန့် ရှိနေပြီး နိုင်ငံရေးအကျဥ်းသားများအနက် ထောင်တွင်းတရားရုံးမှ ထောင်ဒဏ်ချမှတ်ခြင်းကိုခံရတဲ့နိုင်ငံရေးအကျဥ်းသား ၁၀၀ကျော်အထိရှိပြီဖြစ်​ပြီး အားလုံးကျန်းမာရေးကောင်းမွန်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူများထံကသိရပါတယ်။