ဧရာဝတီတိုင်းမ်
ဧပြီ ၁၉ ရက်

အခုဆိုရင် ၆ နှစ်ထဲကို ရောက်လာပြီဖြစ်တဲ့ မြန်မာပြည်တွင်းစစ်ရဲ့ ခါးသီးလှတဲ့ ဝိရောဓိတစ်ခုမှာ တပ်သားသစ်ရဖို့ အသည်းအသန် ကြိုးစားနေရတဲ့ မြန်မာစစ်တပ်ဟာ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထား ရတဲ့ စစ်သည်တွေကိုတောင် ကိုယ်တိုင်ပြန်ပြီး ဗုံးကြဲတိုက်ခိုက်နေပါတယ်။ စစ်တန်းလျား နိုင်ငံတော် အဖြစ် တည်ဆောက်ထားတဲ့ ဒီစနစ်ထဲမှာ မြန်မာစစ်အုပ်စုနဲ့ အရပ်သားအယောင်ဆောင်အစိုးရ အာဏာ တည်မြဲ ဖို့အတွက် ဘာကိုမဆို အနစ်နာခံ စတေးပစ်ဖို့ ဝန်မလေးဘူးဆိုတာ ထင်ရှားနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ မြန်မာစစ်တပ် နဲ့ လက်ဝေခံအဖွဲ့အစည်းဖြစ်တဲ့ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို တော်တော်လေး အားကောင်းကောင်းနဲ့ တိုက်ခိုက်ပြီး အောင်မြင်မှု တွေ ရနေတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ နှစ်တွေအတော်ကြာလာတဲ့အခါမှာ မြန်မာ့ပြည်တွင်း စစ်ဟာ ဘယ်သူမှ အပြတ်အသတ် မနိုင်သေးဘဲ ရှေ့မတိုးနိုင်နောက်မဆုတ်နိုင် အနေအထားကို ရောက်ရှိ လာပါတယ်။

နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ရွေးကောက်ခံ အရပ်သားအစိုးရကို မြန်မာ စစ်တပ်က အာဏာသိမ်းခဲ့တာကြောင့် ပြည်တွင်းစစ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရဟာ စစ်အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်း ၅၀ ကျော်ကြာအောင် နေခဲ့ရပြီးတဲ့နောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရပြီး တက်လာခဲ့တာ ဖြစ်ပါ တယ်။ မြန်မာစစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်လို့ (ဘယ်လိုအထောက်အထားမှ မပြနိုင်ဘဲ) စွပ်စွဲခဲ့ပြီး လပိုင်းအကြာမှာ အာဏာသိမ်းခဲ့တာပါ။

မြန်မာစစ်တပ်ဟာ ၂၀၂၀ ပြည့်နှစ်မှာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်ခွင့်ပေးခဲ့တာက သူတို့ရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေကို ဆက်လုပ်နိုင်ဖို့အတွက် အပြင်ပန်း ဟန်ပြလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ကဏ္ဍအသီးသီးမှာ အမြစ်တွယ်နေတဲ့ သူတို့ရဲ့ အခန်းကဏ္ဍကို တကယ်တမ်း စိန်ခေါ် လာလိမ့် မယ်လို့ မြန်မာစစ်တပ်က မမျှော်လင့်ခဲ့ပါဘူး။ မြန်မာစစ်တပ်ဟာ အရပ်သားအစိုးရကို အချိန်မရွေး ဖယ်ရှားပစ်ခွင့်ရှိတယ်ဆိုတဲ့အချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ကြိုတင်ထည့်သွင်းပြီး အခွင့်အရေး ယူထားခဲ့တာပါ။

အာဏာသိမ်းမှုနောက်ပိုင်း လူပေါင်း ၉၀,၀၀၀ ကျော် သေဆုံးခဲ့ရပြီး လူပေါင်း ၃ သန်းကျော်ဟာ လည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ မြန်မာစစ်တပ်ဟာ နိုင်ငံ့ဧရိယာ ငါးပုံတစ်ပုံလောက်ကိုပဲ ထိန်းချုပ် နိုင်တော့ပေမဲ့ မြို့ကြီးအများစုကိုတော့ ဆက်ပြီး ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပါတယ်။

မြန်မာပြည် တွင်းစစ်ဟာ ရှုထောင့်ပေါင်းစုံကနေ ကြည့်မယ်ဆိုရင် ၁၉၅၀ ပြည့်လွန်နှစ်တွေက စတင်ခဲ့တဲ့ ပြည်တွင်းပဋိပက္ခတွေရဲ့ နောက်ဆက်တွဲလို့ပဲ ပြောရမှာပါ။ အဲဒီတုန်းက မြန်မာအစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ကွန်မြူနစ်သူပုန်တွေရဲ့ တိုက်ခိုက်မှုကို အလူးအလဲခံခဲ့ရပြီး မကြာခင်မှာ ဧရာဝတီမြစ်ဝှမ်းဒေ သကလွဲလို့ နိုင်ငံရဲ့ နယ်မြေအတော်များများကို ထိန်းချုပ်နိုင်စွမ်း မရှိတော့တဲ့အထိ ဖြစ်ခဲ့တာပါ။

နိုင်ငံရေးမတည်မငြိမ် ဖြစ်နေတဲ့ အခြေအနေမှာ အရပ်သားအစိုးရဟာ စစ်တပ်ကို ၁၉၆၀ ပြည့်နှစ် မှာ တစ်နှစ်ကြာ တိုင်းပြည်အုပ်ချုပ်ပေးဖို့ ဖိတ်ခေါ်ခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ထပ် နှစ်နှစ်အကြာမှာတော့ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ အဲဒီနောက်မှာ အခုတစ်ကျော့ပြန် အာဏာမသိမ်းခင် ၂၀၁၅ ခု နှစ်အထိ မြန်မာစစ်တပ်က အာဏာကို ဆက်ပြီး ဆုပ်ကိုင်ထားခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်နှစ်တွေအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အောင်မြင်မှုတွေကိုကြည့်ရင် သူတို့ ဟာ အသာစီးရနေပြီဆိုတာ သိသာပြီး မြန်မာစစ်တပ်ကို အနိုင်ရဖို့ဆိုတာ အချိန်တစ်ခုပဲ လိုတော့တဲ့ အနေ အထားပါ။ ဒါပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အောင်မြင်မှုကို ဟန့်တားနိုင်တဲ့ အရေးကြီးတဲ့ အချက်နှစ် ချက်တော့ ရှိနေပါတယ်။

ပထမအချက်က တော်လှန်ရေးတပ်ဖွဲ့တွေဟာ မဟာဗျူဟာကျတဲ့ မြို့ကြီးတွေကို သိမ်းပိုက်နိုင်တဲ့ အခါတိုင်း တရုတ်နဲ့ ရုရှားက ထောက်ပံ့ထားတဲ့ မြန်မာစစ်တပ်ရဲ့ တိုက်လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရတာကြောင့် အဲဒီမြို့တွေကို ပြန်ပြီး လက်လွှတ်လိုက်ရတာမျိုး ခဏခဏ ဖြစ်နေတာပါ။

မြန်မာစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဒရုန်းတွေကို သုံးနေကြတာမှန်ပေမဲ့ မြန်မာစစ်တပ်ဘက်က တိုက်လေယာဉ်တွေအပြင် ဒရုန်းတွေက ပိုပြီး အဆင့်မြင့်တာကြောင့် ဒါဟာ မမျှတတဲ့ စစ်ပွဲတစ်ခု ဖြစ်နေပါတယ်။ ရုရှားက မြန်မာစစ်အုပ်စုကို အနီးကပ်ထောက်ပံ့ကူညီနေတာတွေ၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လက လက်မှတ် ရေးထိုးခဲ့တဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွေကြောင့် မြန်မာ့ပြည် တွင်းစစ်ဟာ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ ပုံရိပ်အချို့ကိုပါ ထင်ဟပ်နေပါတယ်။

ရုရှားက မြန်မာစစ်အုပ်စုဘက်မှ ပေါ်ပေါ်ထင်ထင် ထောက်ခံနေတဲ့အတွက် အခုဆိုရင် ယူကရိန်း စစ်ဘက်အကြံပေး အနည်းငယ်ဟာလည်း တော်လှန်ရေးအဖွဲ့တွေနဲ့အတူ လာရောက်ပူးပေါင်းနေကြပြီ ဖြစ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ ရင်ဆိုင်နေရတဲ့ ဒုတိယမြောက်ပြဿနာ ဒါမှမဟုတ် ပိုပြီးအရေးကြီးတဲ့ ပြဿနာကတော့ မကြာသေးခင်အချိန်အထိ သူတို့ကြားမှာ ညီညွတ်မှုနဲ့ပူးပေါင်း ဆောင်ရွက်မှု အားနည်းနေခဲ့တာပဲ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ မြန်မာစစ်အုပ်စုကို တော်လှန်နေတဲ့ အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG) ဒါမှမဟုတ် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေနဲ့ ချိတ်ဆက်ညှိနှိုင်းမှု မရှိခဲ့ကြပါဘူး။ တချို့နေရာတွေမှာဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်းကြား ပြန်ပြီး တိုက်ခိုက်တာမျိုးတွေတောင် ရှိခဲ့ပါတယ်။ အချို့ဖြစ်စဉ်တွေမှာဆိုရင် တရုတ်ရဲ့ သွေးထိုးမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

ဥပမာပြရရင် စစ်ရေးအရ အောင်မြင်မှုတွေရခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ တရုတ်ရဲ့ တောင်းဆို မှုကြောင့် ကိုးကန့်တပ် (MNDDA) က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်ဟောင်းဖြစ်တဲ့ တအောင်းတပ် (TNLA) ကို တိုက်ခိုက်ပြီး လက်နက်ဖြုတ်သိမ်းခဲ့လို့ အကြီးအကျယ် စိတ်ဝမ်းကွဲ ခဲ့ရပါတယ်။

မကြာသေးခင်ကမှဖွဲ့စည်းလိုက်တဲ့ ဦးဆောင်ကော်မတီတစ်ခုဟာ တော်လှန်ရေးအင်အားစုအများစုကို ပြန်ပြီး စုစည်းပေးနိုင်မယ့်ပုံပေါ်နေပါတယ်။နောက်လာမယ့် လပိုင်းတွေအတွင်းမှာ မြန်မာစစ်အုပ်စုကို ပိုပြီးစနစ်တကျ နဲ့ စုပေါင်းပြီး တိုက်ခိုက်လာတာမျိုးကို မြင်တွေ့ရဖို့ ရှိပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ညီညွတ်မှုအားနည်းရတဲ့ အကြောင်းရင်းတချို့ကတော့ အဖွဲ့အတော်များများဟာ တရားမဝင်လုပ်ငန်းတွေအပေါ် အခြေခံတဲ့ စစ်စီးပွားရေးစနစ်ကို နှစ်ပေါင်း များစွာ တည်ဆောက်ထားကြပြီး အဲဒီလုပ်ငန်းတွေကိုပဲ ဆက်လုပ်ချင်တာ ဒါမှမဟုတ် ပိုပြီးချဲ့ထွင် ချင်ကြတာနဲ့ ဆက်စပ်နေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဟာ နယ်မြေတွေ ပိုပြီး စိုးမိုးနိုင်လေလေ အနာဂတ်မှာပေါ်လာမယ့် အစိုးရသစ်မှာ သူတို့ရဲ့ကိုယ်စားပြုမှု အခန်းကဏ္ဍက ပိုပြီး အားကောင်းလာလေလေ ဖြစ်မှာပါ။

ဒါဟာ သူတို့ကိုယ်စားပြုတဲ့ လူမျိုးစုအတွက် အခွင့်ထူးခံရစေရုံတင်မကဘဲ အနာဂတ်မှာ စီးပွားရေးအခွင့် အလမ်းတွေနဲ့ ရာဇဝတ်မှုဆိုင်ရာ အခွင့်အလမ်းတွေကိုပါ ပိုပြီးရရှိစေမှာ ဖြစ်ပါတယ်။ အဲဒီလုပ်ငန်း တွေထဲမှာ မူးယစ်ဆေးဝါး ထုတ်လုပ်တာ၊ သစ်နဲ့ကျောက်မျက်မှောင်ခိုတာတွေအပြင် လူမှောင်ခို ကူးတာနဲ့ ကျားဖြန့်လုပ် ငန်းတွေကို ထိန်းချုပ်တာမျိုးတွေလည်း ပါဝင်နေပါတယ်။

တော်လှန်ရေးအင်အားစုတွေကို တွန်းအားပေးနေတဲ့ အဓိကအချက်တစ်ချက်ကတော့ အနာဂတ် မြန်မာနိုင်ငံကို လုပ်ပိုင်ခွင့်တွေ ခွဲဝေပေးထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်မယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့တွေနဲ့ NUG ကြား သဘောတူညီချက်ပဲ ဖြစ်ပါတယ်။နိုင်ငံတော်ရဲ့ တည်ဆောက်ပုံကို ဒီလိုအခြေခံကအစ ပြောင်းလဲပစ်ဖို့ ရည်မှန်းထားတာကြောင့် တော်လှန်ရေးအဖွဲ့ အတော်များများက ဒီပြည်တွင်းစစ်ကို တော်လှန်ရေးတစ်ရပ်အဖြစ် သတ်မှတ်ထားကြတာပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့ကြားမှာ စိုးရိမ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ အဲဒါကတော့ ဗမာလူမျိုးစုကို အခြေခံထားတဲ့ အင်အားစုတွေဟာ နောင်တစ်ချိန်မှာ ဗဟိုကနေ ပြန်ပြီးချုပ်ကိုင်ဖို့ ကြိုး စားလာမလားဆိုတဲ့ သံသယပဲ ဖြစ်ပါတယ်။

ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေပေမဲ့လည်း ခြုံငုံကြည့်ရရင် တော်လှန်ရေးအင်အားစုတွေဟာ အသာစီး ရနေတဲ့ ပုံစံမျိုးရှိနေပါတယ်။ မြန်မာစစ်အုပ်စုဟာ နယ်မြေတွေဆုံးရှုံးလာတာနဲ့အမျှ မန္တလေးနဲ့ ရန်ကုန်ကြားက ဧရာဝတီ မြစ်ဝှမ်းဒေသ ဗဟိုချက်မဆီကို ပိုမိုဆုတ်ခွာပြီး အခြေစိုက်လာရဖို့ ရှိပါတယ်။ အဓိက မေးခွန်းကတော့ စစ်တပ် အနေနဲ့ အဲဒီနေရာကနေ အင်အားပြန်တည်ဆောက်နိုင်မလား ဆိုတာပါပဲ။

ဒါမှမဟုတ်ရင်တော့ တော်လှန်ရေးအင်အားစုတွေဟာ ပိုပြီး စနစ်တကျ ပူးပေါင်းလာပြီး စစ်မြေပြင်မှာ အောင် မြင်မှုတွေ ဆက်တိုက်ရလာနိုင်ပါတယ်။ အဲဒီအခါမှာ တရုတ်နိုင်ငံအနေနဲ့ သူရဲ့ကြီးမားလှတဲ့ ထောက်ခံမှုတွေကို မြန်မာစစ်အုပ်စုဘက်ကနေ ရုပ်သိမ်းပြီး NUGနဲ့မဟာမိတ်အဖွဲ့တွေ ဘက်ကို ပြောင်းလဲ လာတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

ဒီဖြစ်စဉ်မှာ တရုတ်နိုင်ငံဟာ အဆုံးအဖြတ်ပေးမယ့် အဓိက အခန်းကဏ္ဍမှာ ရှိနေမှာပါ။

ဧပြီလ ၁၇ ရက်က The Conservation ဝဘ်ဆိုဒ်မှာ ဆောင်းပါးရှင် Damien Kingsbury ရေးသားထားတဲ့ The Myanmar civil war is at stalemate – but anti‑junta forces may be gaining the upper hand ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။