ဧရာဝတီတိုင်းမ်
ဇွန် ၃ ရက်
ဧရာဝတီတိုင်း၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်နှင့် ရိုးမအစပ်ရှိ ရွေးတုအစိုးရစစ်တပ်၏ ဗျူဟာမြောက် စိုးမိုးတောင်ကုန်း ခြေကုတ်စခန်း နှစ်ခုကို အာရက္ခတပ်တော် (AA) နှင့် ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး တပ်ဖွဲ့ဝင် ၁၀ ဦးကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ရေကြည်မြို့နယ်၊ ကြောင်လျှာကျေးရွာအနီးရှိ စစ်တပ်က အခိုင်အမာ ခြေကုတ်စခန်းချထားသည့် တပ်စွဲတောင်ကုန်း နှစ်ခုကို AA နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့က ဇွန်လ ၁ ရက်နေ့တွင် စီးနင်းတိုက်ခိုက် သိမ်းယူခဲ့ခြင်း ဖြစ်သည်။
“ကြောင်လျှာဒေသက စစ်တပ်တပ်စွဲထားတဲ့ စိုးမိုးတောင်ကုန်း နှစ်ခုစလုံးကို သိမ်းပိုက်ရရှိခဲ့တာ မှန်ပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သုံ့ပန်း ၁၀ ဦးကိုလည်း အရှင်ဖမ်းဆီးရမိထားတယ်” ဟု သာပေါင်းမြို့နယ်အခြေစိုက် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ရေကြည်မြို့နယ်နှင့် သာပေါင်းမြို့နယ်အစပ် ရိုးမတောင်ခြေတစ်လျှောက်၌ ယခုရက်ပိုင်း အတွင်း တိုက်ပွဲများ အလွန်ပြင်းထန်နေပြီး စစ်အုပ်စုက သာပေါင်း၊ မရမ်းချို၊ ညောင်မှော်သောင်တန်းနှင့် ရွှေရင်မျှော်ကုန်း၊ ဘုရားကြီး စသည့် ဗျူဟာမြောက်နေရာများတွင် အင်အားတိုးမြှင့်ကာ တပ်စွဲနေရာ ယူထားကြောင်း သိရသည်။
စစ်အုပ်စုသည် ထိုသို့ တပ်စွဲထားစဉ် ဒေသခံပြည်သူများကို ဖမ်းဆီးကာ ၎င်းတို့ပိုင်ဆိုင်သည့် နွား၊ လှည်း၊ မော်တော်ဆိုင်ကယ်များကိုပါ အဓမ္မသိမ်းယူပြီး ရိုးမတောင်ခြေအနီးရှိ တိုက်ပွဲပြင်းထန်နေသည့် ရှေ့တန်းစစ်မျက်နှာပြင်များသို့ စစ်လက်နက်ပစ္စည်းနှင့် ရိက္ခာများ သယ်ယူပို့ဆောင်ရေးအတွက် လူသားဒိုင်း ပေါ်တာအဖြစ် ခိုင်းစေနေကြောင်း မြေပြင်သတင်းများအရ သိရသည်။
ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့က သုံးတန်ကူ၊ ခုနစ်တန်ကူ၊ ဆင်ဝိုင်းဟောင်းနှင့် ကြောင်လျှာကျေးရွာ အနီးတို့တွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သော တိုက်ပွဲများအတွင်း စစ်တပ်ဘက်က အထိနာကာ အောက်ခြေစစ်သား ရာချီသေဆုံးခဲ့ရပြီး စစ်တပ်ခေါင်းဆောင်ပိုင်းက ၎င်းတို့၏ စစ်ဗိုလ်အဆင့်ရှိသူ တစ်ဦးတည်းကိုသာ ရဟတ်ယာဉ်ဖြင့် ကယ်ထုတ်သွားခဲ့သည်။
လက်ရှိတွင် သာပေါင်းနှင့် ရေကြည်မြို့နယ်ကြား တိုက်ပွဲဧရိယာသို့ စစ်ကောင်စီက အင်အားအလုံး အရင်းဖြင့် ထပ်မံတပ်ဖြန့် စစ်ကူလွှတ်နေသည့်အပြင်၊ ငဝန်မြစ်အတွင်းသို့ပါ စစ်ရေယာဉ်စုများ စေလွှတ်ရန် အပြင်းအထန် စီစဉ်ပြင်ဆင်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ ဆက်လက် သိရသည်။
ဓာတ်ပုံ-AA Info Desk
ပုံစာ- AA တပ်ဖွဲ့ဝင်များ (ပုံဟောင်း ဖြစ်သည်။)