ဧရာဝတီတိုင်းမ်
ဇွန် ၃ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အစ္စရေး၊ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအ ဖွဲ့နဲ့ပါ ဖုန်းနဲ့ ဆွေးနွေးပြီးတဲ့နောက်မှာ နှစ်ဖက်စလုံးက တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့ သဘောတူ လိုက်ပြီလို့ ပြောပါတယ်။
ပဋိပက္ခတွေကို အဆုံးသတ်ဖို့ ရည်ရွယ်ပြီး အမေရိကန်နဲ့အီရန်တို့ကြား နားလည်မှုစာချွန်လွှာ (MOU) မူကြမ်းနဲ့ပတ်သက်လို့ ဆက်လက်ညှိနှိုင်းနေကြပေမဲ့ လက်ဘနွန်နိုင်ငံထဲမှာ အစ္စရေးနဲ့ ဟစ်ဇ်ဘို လာတို့ကြား အပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့မှာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက လက်ဘနွန်မြို့တော် ဘေ ရွတ်အနီးတစ်ဝိုက်ကို လေကြောင်းကနေ ထပ်မံတိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ပါသေးတယ်။
လက်ဘနွန်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် အမေရိကန်နဲ့ ကြားခံလူတွေကတစ်ဆင့် ဆက်သွယ်ဆွေးနွေးနေတာတွေကို ခေတ္တရပ်ဆိုင်းထားတယ်လို့ အီရန်ကိုယ်စားလှယ်အဖွဲ့က ပြောကြားခဲ့ ကြောင်း သိရပါတယ်။
ဒေါ်နယ်ထရမ့်က သူဟာ နေတန်ယာဟုနဲ့ ဖုန်းနဲ့စကားပြောခဲ့တယ်လို့ လူမှုကွန်ရက်စာမျက်နှာ မှာ ရေးသားခဲ့ပါတယ်။ “ဘေရွတ်မြို့ဆီကို ဘယ်စစ်သည်မှ သွားမှာမဟုတ်သလို သွားနေတဲ့ စစ်တပ်တွေ လည်း အကုန်လုံး နောက်ကြောင်းပြန်လှည့်ကုန်ကြပြီ” လို့ သူက ဆိုပါတယ်။
အမေရိကန် သတင်းဝက်ဘ်ဆိုက်ဖြစ်တဲ့ Axios က တနင်္လာနေ့မှာ သတင်းရင်းမြစ်အချို့ကို ကိုး ကားပြီး ဖော်ပြရာမှာ ဒေါ်နယ်ထရမ့်ဟာ နေတန်ယာဟုကို အကြီးအကျယ် ဒေါသထွက် ပေါက်ကွဲခဲ့တယ် လို့ ဆိုပါတယ်။
သူဟာ ဟစ်ဇ်ဘိုလာရော နေတန်ယာဟုနဲ့ပါ စကားပြောခဲ့ပြီး နှစ်ဖက်စလုံးကို ပစ်ခတ်မှုတွေရပ်ဖို့ ပြောခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။
နေတန်ယာဟုက ဒေါ်နယ်ထရမ့်ကို ဖုန်းနဲ့ပြောခဲ့စဉ်အတွင်း ဟစ်ဇ်ဘိုလာက အစ္စရေးမြို့ပြတွေနဲ့ အရပ်သားတွေကို တိုက်ခိုက်နေတာမျိုး မရပ်ရင် အစ္စရေးအနေနဲ့ ဘေရွတ်က ပစ်မှတ်တွေကို ဆက်ပြီး တိုက်ခိုက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
အမေရိကန်နဲ့ အီရန်တို့ဟာ လာမယ့်သီတင်းပတ်အတွင်းမှာ ဒီနားလည်မှုစာချွန်လွှာ (MOU) အ ပေါ် သဘောတူညီမှု ရရှိနိုင်လိမ့်မယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ကိုးကား – NHK
Ref; US media: Trump lashes out at Netanyahu