ဧရာဝတီတိုင်းမ်
(ဖျာပုံ) ၊ ဇွန် ၃ ရက်

ဧရာဝတီတိုင်း၊ ဖျာပုံမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ-၉၈ တပ်ရင်းမှ စစ်မှုထမ်း အမှတ်စဉ် ၃ များကို သတ်မှတ်ကာလ ပြည့်မြောက်သော်လည်း နေရပ်သို့ ပြန်ခွင့်မပေးဘဲ ရှေ့တန်းတိုက်ပွဲများသို့ ဇွတ်အတင်း ဆက်လက်စေလွှတ်နေကြောင်း စစ်မှုထမ်းဆောင်နေရသူများနှင့် နီးစပ်သူများထံက သိရသည်။

အဆိုပါ စစ်မှုထမ်း အမှတ်စဉ် (၃) သင်တန်းသားအချို့မှာ ယခင်က ကွင်းကောက် စစ်သင်တန်း ကျောင်း အမှတ် (၅) မှ ထွက်ပြေးခဲ့ဖူးပြီးနောက် ၃ လ ခန့်အကြာတွင် စစ်တပ်က ပြန်လည်ဖမ်းဆီး ခံရကာ လက်ရှိအချိန်ထိ ဆက်လက် စစ်မှုထမ်းဆောင်နေကြရသူများ ဖြစ်သည်။

“သူတို့က အရင်က ထွက်ပြေးဖူးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုထိ ပြန်မလွှတ်သေးတာ။ တိတိပပ ဘယ် နှစ်လ ပြန်ထမ်းရမယ်ဆိုတာလည်း မပြောဘူး။ အဓိကကတော့ ဖျာပုံ ခလရ-၉၈ တပ်ရင်းမှူး မင်းမင်းသိန်း မွှေနေတာပဲ။ သူက ရာထူးတိုး အပွင့်တက်ချင်လို့ အထက်ကို လှမ်းဖာပြီး စစ်မှုထမ်းတွေကို ပြန်မလွှတ်ဘဲ အဓမ္မ တာဝန်ထမ်းခိုင်းနေတာ” ဟု စစ်မှုထမ်းများနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ခလရ ၉၈ တပ်ရင်းမှူး မင်းမင်းသိန်းသည် လက်ရှိတိုက်ပွဲပြင်းထန်နေသည့် လေးမျက်နှာမြို့နယ်၊ ပန်တောကြီး စစ်မြေပြင်တွင် ကိုင်တွယ်နေသူဖြစ်ပြီး ပြီးခဲ့သည့်လက စစ်မြေပြင်၌ ဒရုန်းဗုံးကျ ရောက်သည်ကို ကြောက်လန့်ကာ ကလောမြို့ရှိ အရာရှိသင်တန်းကျောင်းသို့ စစ်ကော်မရှင်တပ် အရာရှိများကို ငွေပေး၍ ခတ္တပြောင်းရွှေ့နေသူဖြစ်ကြောင်း တပ်တွင်း သတင်းရင်းမြစ်က ဆိုသည်။

တပ်ရင်းမှူး မင်းမင်းသိန်းမှာ ၎င်းရာထူးတိုးရန်အတွက် စစ်မြေပြင်ကိုစွန့်ခွာကာ ကလောမြို့မှနေ၍ ဖျာပုံတပ်ရင်းသို့ ဖုန်းဖြင့်အမိန့်ပေးကာ အမှတ်စဉ် (၃) စစ်မှုထမ်းများကို ပြန်ခွင့်မပေးဘဲ ရှေ့တန်းသို့ စေလွှတ်နေခြင်း ဖြစ်သည်။

လက်ရှိတွင် ဖျာပုံ ခလရ- ၉၈ တပ်ရင်းမှ အမှတ်စဉ် (၃) စစ်မှုထမ်း အများစုသည် လေးမျက်နှာမြို့နယ် ပန်တောကြီးနှင့် သာပေါင်းမြို့နယ်များရှိ တိုက်ပွဲပြင်းထန်ရာ ရှေ့တန်းစစ်မျက်နှာပြင်များတွင် ဆက်လက် စစ်မှုထမ်းနေရကြောင်း သိရသည်။

“ကျွန်တော်တို့ မြို့နယ်ကနေ စစ်မှုထမ်းဆိုပြီး ခေါ်သွားတာ လူတွေ အများကြီးပဲ။ ဒါပေမဲ့ အခု အမှတ် စဉ် (၂) တွေ ပြန်လာတဲ့အချိန်မှာ တစ်မြို့နယ်လုံးမှ တစ်ယောက်၊ နှစ်ယောက်ပဲ ပြန်ရောက် လာတယ်။ ကျန်တဲ့သူတွေ ဘယ်ရောက်ကုန်လဲ မသိရဘူး” ဟု ဧရာ၀တီတိုင်း ဒေသခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဧရာဝတီတိုင်းအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာ၌ စစ်မှုထမ်း အမှတ်စဉ် (၂) နှင့် (၃) များမှာ သတ်မှတ်ရက်ပြည့်သော်လည်း အများစုမှာ နေရပ်သို့ ပြန်ခွင့်မရရှိဘဲ ရှေ့တန်းစစ်မြေပြင်များသို့ စေလွှတ်ခံနေရသည်။ လက်ရှိတွင်လည်း ရွေးတုအစိုးရစစ်တပ်သည် စစ်မှုထမ်း အမှတ်စဉ် (၂၅) အထိ သင်တန်းပေးနေပြီး အဓမ္မလူသစ်စုဆောင်းမှုများကိုလည်း ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရသည်။

ပုံစာ- စစ်တပ်က တပ်သားသစ်စုဆောင်းမှု မြင်ကွင်း (ပုံအဟောင်း ဖြစ်သည်။)