ဧရာဝတီတိုင်းမ်
ဇွန် ၃ ရက်

 

မြန်မာနိုင်ငံရှိ အိန္ဒိယနိုင်ငံ၏အကြီးဆုံးရင်းနှီးမြှပ်နှံမှုဖြစ်သော ကုလားတန်ဘက်စုံသုံးစီမံကိန်းနှင့် မြန်မာ – ထိုင်း – အိန္ဒိယသုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းအပြီးသတ်နိုင်ရေးအတွက် ရွေးတုသမ္မတမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီတို့နှစ်ဘက်သဘောတူလိုက်ကြောင်းသိရသည်။

 

ရွေးတုသမ္မတမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံခရီးစဉ်အဖြစ် ယခုနှစ် မေလ ၃၀ မှ ဇွန်လ ၃ ရက် အထိသွားရောက်နေချိန်တွင် ယင်းကဲ့သို့သဘောတူလိုက်ခြင်းဖြစ်သည်။

 

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးတို့ကို အပြီးသတ်နိုင်ရေးအတွက် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးသည် အရေးကြီးကြောင်း နှစ်ဖက်လုံးက တူညီသောသဘောထားရှိကြသည်။

“ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပါက ဒေသတွင်းမှာ အပြန်အလှန်အကျိုးရှိစေမဲ့ စီးပွားရေးချိတ်ဆက်မှုတွေနဲ့ နှစ်နိုင်ငံစည်ပင်ထွန်းကားလာစေမှာဖြစ်တယ်”ဟုအိန္ဒိယဝန်ကြီးချုပ် မိုဒီက အလေးအနက်ပြောကြားလိုက်သည်။

 

ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းတွင် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ရှိ စစ်တွေဆိပ်ကမ်းမှတဆင့် ချင်းပြည်နယ်ပလက်ဝကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲသို့ ကုန်စည်စီးဆင်းနိုင်မည့် ရေလမ်း/ကုန်းလမ်းကြောင်းဖြစ်သည်။

 

လက်ရှိတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် (AA) က ၂၀၂၄ ခုနှစ် ဇန်နဝါရီလကတည်း သိမ်းပိုက်ထိန်းချုပ်ထားခဲ့ပြီး ယနေ့အချိန်အထိ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးများကို ကိုယ်တိုင်ဦးဆောင်လုပ်ဆောင်လျက်ရှိသည်။

 

မြန်မာနိုင်ငံ၊ ပလက်ဝမြို့ကနေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်ထဲချိန်ဆက်မည့်ကုန်းလမ်းကြောင်းပိုင်း၌ အိန္ဒိယဘက်ခြမ်းရှိလမ်းမှာ ဖောက်လုပ်ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

 

ထို့ပြင် မြန်မာ – အိန္ဒိယ- ထိုင်းသုံးနိုင်ငံလမ်းကြောင်းစီမံကိန်းတွင် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရှိ မိုရေးကနေ မြန်မာနိုင်ငံဖြတ်ပြီး ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ( မဲဆောက်) အထိချိန်ဆက်မည့် သုံးနိုင်ငံလမ်းမကြီးဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ တမူး၊ ကလေးဝ၊ မုံရွာ၊ မန္တလေး၊ မိတ္ထီလာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်စသည့် မြို့များကိုဖြတ်သန်းသွားမည်ဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ – MOFA၊ လူမှုကွန်ရက်