ဧရာဝတီတိုင်းမ်
ဇွန် ၂ရက်
ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကို ဦးတည်စစ်ကြောင်းထိုးလာသည့် ရွေးတုအစိုးရစစ်တပ်နှင့် အာရက္ခ တပ်တော် (AA) တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေပြီး စစ်တပ်ဘက်က အထိနာ သေဆုံးမှုများ နေကြောင်း သိရသည်။
တောင်မော်ဦးရေတပ်မှ အင်အားအလုံးအရင်းဖြင့် တက်လာသည့်စစ်တပ် စစ်ကြောင်းများနှင့် AAတို့ ပြီးခဲ့သည့် မေ ၂၈ရက်မှစကာ တိုက်ပွဲအပြင်းအထန် ပြန်လည်ဖြစ်ပွားလာပြီး စစ်တပ် တပ်ဖွဲ့ဝင် အလောင်း ၄၀ခန့်နှင့် လက်နက်၊ ခဲယမ်းများပါ AAက သိမ်းဆည်းရရှိကြောင်း ဒေသတွင်း သတင်း ရင်းမြစ်များထံမှ သိရသည်။
”တပ်မ ၁၁လက်အောက်ခံတွေ သေကြတယ်လို့ သိရတယ်။ အလောင်း ၄၀လောက်ရတယ်” ဟု ကျောက်ဖြူ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲအခြေအနေနှင့် အထိနာနေမှုကြောင့် တောင်မော်ဦးရေတပ်မှ စစ်တပ်အရာရှိပိုင်းနှင့် မိသားစု ဝင်များကို ကျောက်ဖြူမြို့ပေါ်နှင့် အခြားစစ်တပ်အခြေစိုက်တပ်ရင်းများထံ စက်လှေများဖြင့် ပို့ဆောင် ပြောင်းရွှေ့ပေးနေသည်။
ဓညဝတီရေတပ်ဌာနချုပ်မှ တပ်ရင်းများနှင့် တပ်မ (၁၁) လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့များကို အင်အား ၅၀၀ နှင့်အထက်စုဖွဲ့ပြီး တောင်မော်ဦးရေတပ်အတွင်းပို့ဆောင်ထားသည့်အပြင် ကျောက်ဖြူ ခလရ-၃၄မှ တပ်ဖွဲ့ဝင်များကိုပါ ခေါ်ယူလာပြီး အင်အားဖြည့်နေခြင်းဖြစ်သည်။
မြေပြင်စစ်ကြောင်းများအထိနာနေချိန်တွင် စစ်တပ်က ပင်လယ်ပြင်တွင်ရှိသည့် စစ်သင်္ဘောများမှ လက်နက်ကြီးများဖြင့် စနဲမြို့ပတ်ဝန်းကျင်နှင့် ရေတပ်ဝန်းကျင်ကို ပစ်ခတ်သည့်အပြင် ဒရုန်းများ ဂျိုင်ရို ကော်ပတာများဖြင့်ပါ တိုက်ခိုက်ခဲ့သည်။
စစ်တပ်က ကျောက်ဖြူလေဆိပ်တွင် ဂျိုင်ရိုကော်ပတာများစုဖွဲ့ထားပြီး လေတပ်စခန်းအသွင်ပြင်ဆင် စုဖွဲ့မှုများပြုလုပ်ထားကာ လုံခြုံရေးများပါတိုးမြှင့်ချထားသည်။