ဧရာဝတီတိုင်းမ်
ဇွန် ၃ ရက်
အနောက်တောင်မုတ်သုံလေသည် လာမည့် ၅ ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ အပြီးတိုင် ဝင်ရောက် လာတော့မည်ဖြစ်ပြီး ယင်းကာလအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ကာ ဒေသအများအပြားတွင် မြစ်ရေများ ၂ ပေမှ ၆ ပေအထိ သိသိသာသာ မြင့်တက်လာနိုင်ကြောင်း မိုးလေ ဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) ၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာတစ်နိုင်ငံလုံးသို့ မုတ်သုံလေ အပြီးတိုင် ဝင်ရောက်မည်ဖြစ်သောကြောင့် ဘင်္ဂလားပင်လယ် အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနိုင်မည် ဖြစ်သည်။

အဆိုပါ အနောက်တောင်မုတ်သုံလေသည် ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့ကတည်းက မြန်မာနိုင်ငံ အလယ်ပိုင်းအထိ ဝင်ရောက်လာခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ မုတ်သုံလေ အားကောင်းလာမှုကြောင့် လာမည့်ရက်ပိုင်းအတွင်း တနင်္သာရီတိုင်း၊ ကရင်နီ (ကယား) ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် ပုံမှန် မိုးရွာသွန်း မြဲထက် ပိုမို၍ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သိရသည်။
ထို့ပြင် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင်လည်း မိုးရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလက အသိပေးထားသည်။
အထူးသဖြင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်မှုများနှင့်အတူ မြန်မာနိုင်ငံအတွင်းရှိ အဓိကမြစ်ကြီးများ ဖြစ်ကြသည့် ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ မြစ်သာမြစ်၊ ဒုဋ္ဌဝတီမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ်နှင့် ဘီလင်းမြစ် အပါအဝင် မြစ်ကြီး ၁၁ စင်းလုံးတွင် လက်ရှိရေမှတ်များထက် ၂ ပေမှ ၆ ပေအထိ အသီးသီး မြင့်တက်လာနိုင်သည်။
ထို့ကြောင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသည့် မိဘပြည်သူများအနေဖြင့် ရေကြီး ရေလျှံမှုအန္တရာယ်ကို ကြိုတင်သတိပြု နေထိုင်ကြရန် နှိုးဆော်ထားသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်