ဧရာဝတီတိုင်းမ်
ဇွန် ၃ ရက်

ထိုင်းနိုင်ငံအတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို လျှော့ချရန်နှင့် ပြည်တွင်းစီးပွားရေး ပြန်လည်လှုံ့ ဆော်ရန်အတွက် ထိုင်းအစိုးရက အတည်ပြုဖော်ဆောင်ပေးလိုက်သည့် ပြည်သူများ၏ ဝယ်ယူမှုအပေါ် ၆၀ ရာခိုင်နှုန်းအထိ စိုက်ထုတ်ပေးမည့် ပူးတွဲငွေပေးချေမှု (Co-payment) စီမံကိန်းစတင်ရာ တနင်္လာနေ့ (ပထမဆုံးနေ့) တွင်ပင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သုံးစွဲမှုပမာဏ ထိုင်းဘတ်ငွေ ၂ ဘီလီယံ ကျော်အထိ စံချိန်တင် ရှိခဲ့ကြောင်း ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းအစိုးရက အတည်ပြုဖော်ဆောင်ပေးလိုက်သည့် “Thai Chuay Thai Plus” (ထိုင်းအချင်းချင်း ကူညီရိုင်းပင်းခြင်း) အစီအစဉ် စတင်ရာ ပထမဆုံးနေ့တွင်ပင်ပူးတွဲငွေပေးချေမှု အက်ပလီကေးရှင်း (Application) ကို အသုံးပြုကာ အကျိုးခံစားခွင့်ရရှိသူ ၈ ဒသမ ၇ သန်းကျော်အထိ ရှိခဲ့သည်။

အဆိုပါ ကူညီထောက်ပံ့ရေး စီမံကိန်းကို ဇွန်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ၄ လကြာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ဇွန်လ ၁ ရက်နေ့ ည ၁၁ နာရီအထိ စာရင်းဇယားများအရ နိုင်ငံ၏ အဓိကလုပ်သားထုဖြစ်သည့် အသက် ၂၀ မှ ၅၀ ကြား အရွယ်ရှိ ထိုင်းနိုင်ငံသား စုစုပေါင်း ၂၆ သန်းကျော် (၂၆,၀၄၀,၆၂၃ ဦး)က စီမံကိန်းတွင် ပါဝင်ရန် စာရင်းပေးသွင်းထားပြီး ယင်းအနက် ပထမဆုံးနေ့တွင် ၈,၇၂၄,၄၀၂ ဦးက မိုဘိုင်းလ် အက်ပလီကေးရှင်းရှိ G-Wallet မှတစ်ဆင့် စတင်ဝယ်ယူသုံးစွဲခဲ့ကြခြင်း ဖြစ်သည်။

ပထမဆုံးနေ့ စုစုပေါင်း သုံးစွဲမှုပမာဏ ဘတ် ၂ ဒသမ ၀၃ ဘီလီယံအနက် အစိုးရ၏ ၆၀ ရာခိုင်နှုန်း စိုက်ထုတ်ထောက်ပံ့ကြေးစနစ်မှ ဘတ် ၁ ဒသမ ၁၈ ဘီလီယံ ပေးချေခဲ့ပြီး ကျန်ရှိသည့် ဘတ် ၈၅၅ ဒသမ ၆၄ သန်းကို စားသုံးသူ ပြည်သူများဘက်က ၄၀ ရာခိုင်နှုန်းအချိုးအတိုင်း စိုက်ထုတ်ပေးချေခဲ့ကြသည်။

ယခုစီမံကိန်းအရ ပြည်သူများအတွက် အစိုးရဘက်က တစ်ရက်လျှင် အများဆုံး ၂၀၀ ဘတ်အထိ စိုက်ထုတ်ပေးမည်ဖြစ်ရာ ပြည်သူများအနေဖြင့် မိမိတို့ဘက်က ၄၀ ရာခိုင်နှုန်း (၁၃၃ ဒသမ ၃၃ ဘတ်) စိုက်ထုတ်ကာ တစ်ရက်လျှင် စုစုပေါင်း ၃၃၃ ဒသမ ၃၃ ဘတ်ဖိုးအထိ ဝယ်ယူသုံးစွဲနိုင်မည် ဖြစ်သည်။

တစ်လလျှင် လူတစ်ဦးစာအတွက် အစိုးရဘက်မှ အများဆုံး ဘတ် ၁,၀၀၀ အထိ (၄ လစာ စုစုပေါင်း ၄,၀၀၀ ဘတ်) စိုက်ထုတ်ပေးသွားမည် ဖြစ်သော်လည်း အဆိုပါ ခံစားခွင့်ကို ထိုလအတွင်း ကုန်အောင် သုံးရမည်ဖြစ်ပြီး နောက်လသို့ ရွှေ့ဆိုင်း၍မရသလို၊ ငွေသားအဖြစ် ထုတ်ယူ၍လည်း မရကြောင်း သိရသည်။

အခြေခံလူတန်းစားများ (State Welfare Card ရှိသူများ) ကိုမူ အစိုးရက တစ်လလျှင် ၁,၀၀၀ ဘတ် တိုက်ရိုက်အပြည့်အဝ ထောက်ပံ့ပေးထားပြီး သတ်မှတ်ထားသည့် “Thong Fah” (အပြာရောင်အလံ) ဆိုင်များတွင် Welfare Card ဖြင့် တိုက်ရိုက်ဝယ်ယူနိုင်အောင် စီမံထားသည်။

ယခုအစီအစဉ်တွင် အစားအသောက်၊ အထွေထွေလူသုံးကုန်ပစ္စည်းများနှင့်အတူ ဘတ်စ်ကား၊ တုတ်တုတ် (Tuk-tuk)၊ ကယ်ရီဆိုင်ကယ် စသည့် အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် ပါဝင်သုံးစွဲနိုင်သော်လည်း အနှိပ်ခန်း၊ စပါး (Spa)၊ ဆံပင်နှင့် လက်သည်းခြေသည်း ပြုပြင်သည့်ဆိုင်များ၊ အရက်နှင့် ဆေးလိပ်အမျိုးမျိုး ဝယ်ယူခြင်းများကိုမူ ခွင့်မပြုထားပေ။

လက်ရှိ ပထမနေ့ သုံးစွဲမှုတွင် အစားအသောက် ပို့ဆောင်ရေးလုပ်ငန်း (Food Delivery Platforms) များမှတစ်ဆင့် ဝယ်ယူမှုများ ပါဝင်ခြင်းမရှိသေးဘဲ Food Delivery စနစ်ကိုမူ လာမည့် ဇွန်လ ၁၅ ရက်နေ့တွင် အက်ပလီကေးရှင်းအတွင်း စတင်မိတ်ဆက် ပေါင်းစပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အစီစဉ်တွင်ပါဝင်ခဲ့ကြသည့် ဆိုင်ရှင်များနှင့်ကုန်သည်များကလည်း ဝယ်လိုအားမြင့်တက်လာမှုကို ဖြည့်ဆည်းနိုင်ရန် ပြင်ဆင်နေကြပြီး လက်ရှိတွင် ဆိုင်ပေါင်း ၈၉၆၁၁၀ ခန့် စာရင်းပေးသွင်းထားကြောင်း သိရသည်။

ကိုးကား – Bangkok Post

Ref; Thais Help Thais Plus spending tops B2bn on first day