‎ဧရာဝတီတိုင်းမ်
‎ဇွန် ၃ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် သာပေါင်းမြို့နယ်အနီးရှိ ငဝန်မြစ်အတွင်းတွင် ရွေးတုအစိုးရ စစ်တပ်က ဇက်ရေယာဉ်ပေါ်တွင် လက်နက်ကြီးများ တပ်ဆင်ကာ သွားလာနေပြီး မြစ်အတွင်း ဖြတ်သန်း သွားလာနေသည့် ဒေသခံ ပြည်သူပိုင် ရေယာဉ်များနှင့် စက်လှေများကို လိုက်လံဖမ်းဆီးကာ အဓမ္မငွေညှစ်နေကြောင်း သိရသည်။

စစ်တပ်သည် ဘုရားကြီးကျေးရွာနှင့် ရွှေရောင်ချကျေးရွာအကြားရှိ ငဝန်မြစ်အတွင်းတွင် ပြီးခဲ့သည့် မေလကုန်ပိုင်းမှစတင်ကာ လက်နက်ကြီးတပ်ဆင်ထားသည့် ဇက်ရေယာဉ်ဖြင့် လှည့်လည်ကာ ဖြတ်သန်းသမျှ စက်လှေနှင့် လှေများကို အတင်းအဓမ္မ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ပြီး ငွေကြေးတောင်းခံနေခြင်း ဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။

“စက်လှေတွေကို ဖမ်းဆီးစစ်ဆေးတယ်။ မီးသွေးတင်လာတဲ့ ရေယာဉ်တွေဆိုရင် မီးသွေးအိတ် ၅၀ ပါလာတိုင်း စစ်တပ်ကို တစ်အိတ်စာနှုန်းနဲ့ တွက်ပြီး အဓမ္မ ငွေကြေး ပေးဆောင်နေရတယ်” ဟု သာပေါင်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်က ညောင်မှော်သောင်တန်းနှင့် ရွှေရင်မျှော်ဒေသတို့တွင် စစ်အင်အား ၃၀၀ ကျော် ထပ်မံဖြည့်တင်းထားပြီးနောက် ငဝန်မြစ်အတွင်းသို့ပါ စစ်သုံးရေယာဉ်အုပ်စုများကို ထပ်မံစေလွှတ်ရန် အသည်းအသန် ပြင်ဆင်နေကြောင်း စစ်ရေးရင်းမြစ်များက ဆိုသည်။

အဆိုပါ ငဝန်မြစ်အတွင်း စစ်တပ်က ရေကြောင်းအင်အား သုံးလာရခြင်းမှာ ရေကြည်မြို့နယ်အခြေစိုက် အမြောက်တပ်ရင်း (အမတ – ၃၄၄) ၏ ကာကင်းစခန်းအားလုံးနီးပါး တိုက်ခိုက်သိမ်းပိုက်ခံထားရပြီး အမြောက် တပ်ရင်းပါ ဝိုင်းပတ်ပိတ်ဆို့ခံထားရသည့် အခြေအနေကြောင့် ဖြစ်သည်။

ထို့ကြောင့် စစ်တပ်က သာပေါင်းမြို့နယ်ဘက်မှနေ၍ သီတာကုန်းပြင်နယ်မြေကို ဖြတ်ကျော်ကာ ရေကြည်အမြောက်တပ်ထံ စစ်ကူပို့ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။

သို့သော်လည်း ရွေးတုအစိုးရစစ်တပ်၏ စစ်ကူစစ်ကြောင်းများသည် ရိုးမအနီးတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှုကို ခံခဲ့ရပြီး ကစဉ့်ကလျား တပ်ပျက်သွားခဲ့သည့်အတွက် ပြီးခဲ့သည့် မေလ ၃၀ ရက်နှင့် ၃၁ ရက်နေ့တို့တွင် လေကြောင်း အသုံးပြုကာ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)