ဧရာဝတီတိုင်းမ်
ဇွန် ၄ ရက်

 

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ဟာ သူကျခံနေရတဲ့ ပြစ်ဒဏ်တွေအားလုံးကနေ တ ရားဝင် လုံးဝ လွတ်မြောက်သွားပြီ ဖြစ်ပါတယ်။

 

သူဟာ အဂတိမှုတွေနဲ့ ထောင်ဒဏ် ၁ နှစ် ကျခံနေရရင်းကနေ ပြီးခဲ့တဲ့ မေလမှာ ခံဝန်နဲ့ ပြန်လွတ် လာခဲ့တာပါ။ ဒါပေမဲ့ ခံဝန်စည်းကမ်းချက်တွေအရ အာဏာပိုင်တွေဆီ ပုံမှန်သတင်းပို့ရတာ၊ ခြေကျင်းဝတ် မှာ စောင့်ကြည့်ကိရိယာ ဝတ်ထားရတာမျိုးတွေ လုပ်ခဲ့ရပါသေးတယ်။

 

မိဖုရား စုသီတာရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဘုရင်မင်းမြတ်က လွတ်ငြိမ်းချမ်းသာခွင့် ပေး လိုက်တာကြောင့် သက်ဆင်ရဲ့ ၄ လတာ စောင့်ကြည့်ခံရမယ့် ခံဝန်ကာလဟာ သက်တမ်းမပြည့်ခင်မှာ တင် စောစောစီးစီး ပြီးဆုံးသွားခဲ့ပါတယ်။

ဒါကြောင့်မို့လို့ သူ ရင်ဆိုင်နေရတဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်သမျှ စည်းကမ်းချက်အားလုံးကနေ အပြီး အပိုင် ကင်းလွတ်သွားပြီလို့ ထိုင်းတရားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့မှာ ပြောသွားပါတယ်။

 

အသက် ၇၆ နှစ်အရွယ် သက်ဆင်ဟာ ၂၀၀၆ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းလို့ ပြည်ပမှာ နှစ် ပေါင်းများစွာ တိမ်းရှောင်နေခဲ့ရပြီး ၂၀၂၃ ခုနှစ်ကျမှ ထိုင်းနိုင်ငံကို ပြန်လာခဲ့တာပါ။

 

သူဟာ ထိုင်းနိုင်ငံရေးလောကမှာ ဆယ်စုနှစ်ပေါင်းများစွာ သြဇာညောင်းခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ စက် တင်ဘာလမှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

 

သူ့ကို ထောက်ခံတဲ့ ဖုထိုင်းပါတီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ် နေရာ တော်တော်များများ ရှုံးနိမ့်ခဲ့ပေမဲ့ အခုလက်ရှိ အစိုးရညွန့်ပေါင်းအဖွဲ့ထဲမှာ ပါဝင်နေပါတယ်။

 

ဖုထိုင်းပါတီ တာဝန်ရှိသူတစ်ဦးရဲ့ အဆိုအရ တချို့ကိစ္စရပ်တွေမှာ သက်ဆင်ဆီကနေ အကြံဉာဏ် တောင်းတာမျိုး ရှိနိုင်ပေမဲ့ ပါတီရဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာတော့ သူ ဘာမှ ပါဝင်ပတ်သက်မှာ မ ဟုတ်ဘူးလို့ အလေးအနက် ပြောထားပါတယ်။