ရွေးတုအစိုးရစစ်တပ်က စစ်ရေးပြင်းထန်နေသည့် နယ်မြေများနှင့် နယ်မြေစိုးမိုးရန် ကြိုးပမ်းနေသည့် နေရာများတွင် ၎င်းတို့၏ ပင်မသန္ဓေတပ်ရင်း၊ တပ်ဖွဲ့များထက် စစ်မှုထမ်းဥပဒေဖြင့် အဓမ္မခေါ်ယူထားသည့် တပ်သားသစ်များကိုသာ အဓိက မှီခိုအားပြုနေရကြောင်း မြေပြင်စစ်ရေး သတင်းရင်းမြစ် များနှင့် ဖမ်းဆီးရမိသူ စစ်သုံ့ပန်းများထံမှ သိရသည်။
လက်ရှိတွင် အင်အားအလုံးအရင်းဖြင့် စစ်ကူပို့နေရသည့် စစ်မျက်နှာအများစု၌ ပင်မသန္ဓေစစ်သား ၂၀ ရာခိုင် နှုန်းသာ ပါဝင်ပြီး စစ်မှုထမ်းတပ်သားသစ် ၈၀ ရာခိုင်နှုန်းအထိ အချိုးအစား အများပြား အသုံး ပြုထားရကြောင်း သုံ့ပန်းများ၏ ထွက်ဆိုချက်အရ သိရသည်။
အလားတူပင် စစ်တပ်၏ နောက်တန်းဌာနချုပ်များတွင်လည်း လက်နက်ခဲယမ်း မလုံလောက်မှုကြောင့် စစ်မှု ထမ်းတပ်သားသစ်များကို လူ ငါး ဦးလျှင် သေနတ်တစ်လက်၊ ကျည်ဆံ ငါးတောင့်နှုန်းသာ ထုတ်ပေးထားပြီး တပ်စခန်းများကို အတင်းအဓမ္မ ကာကွယ်ခိုင်းထားကြောင်း သိရသည်။

“အကြမ်းဖက်စစ်တပ်ဟာ ထုနဲ့တိုက်စစ်၊ ခံစစ်ဆင်ရာမှာ လူသစ်စစ်သား ၉၀ ရာခိုင်နှုန်းအထိကို အသုံးပြုထားတယ်ဆိုတာကတော့ စစ်မျက်နှာတစ်ဝှမ်းက မြေပြင်တိုက်ပွဲတွေအရ သေချာတယ်ဆိုတာ ကောက်ချက်ချလို့ရပြီ ဖြစ်ပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲပြင်းထန်နေသည့် မဘိမ်းနှင့် ရွှေကူကြားတွင်လည်း ပြီးခဲ့သည့် မေလကုန်ပိုင်းက လူသစ် စစ်သားများကို ယာဉ်တန်းဖြင့် ပို့ဆောင်ခဲ့ရာ KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ဒရုန်း တိုက်ခိုက်မှုကြောင့် အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရသည်။
ထို့ပြင် မတ္တရာ၊စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာ၊ အင်းတော်၊ မော်လူး၊ နန့်စီးအောင် စသည့် နယ်မြေထိန်းချုပ်မှုယူသည့် စစ်ကြောင်းများတွင်လည်း လူသစ်စစ်သားများကို အင်အားအလုံး အရင်းဖြင့် ရှေ့မှတက်ခိုင်းပြီး စစ်တပ်က နောက်ကွယ်မှ လက်နက်ကြီးနှင့် ဒရုန်းပစ်ကူတို့ကိုသာ အဓိကထား အသုံးပြုသွားသည်ကို တွေ့ရသည်။
ရွေးတုအစိုးရစစ်သည် အဆိုပါ စစ်မှုထမ်းတပ်သားသစ်များကို လူသားဒိုင်းသဖွယ် အင်နှင့်အားနှင့် စစ်ကြောင်းရွေ့လျားစေပြီး တိုက်ပွဲအတွင်းမှ ထွက်ပြေးရန် ကြံစည်သူများကိုလည်း မူးယစ်ဆေးဝါး များနှင့် အရက်သေစာများ တိုက်ကျွေးကာ ရှေ့တန်းစခန်းများသို့ အတင်းအကျပ် စေလွှတ်နေခြင်း ဖြစ်သည်။
လက်ရှိတွင် အာရက္ခတပ်တော် (AA) နှင့် ရင်ဆိုင်တိုက်ပွဲပြင်းထန်နေသည့် မကွေးတိုင်းရှိ နတ်ရေကန်၊ ပဇီ၊ ဂုတ်ကြီးစခန်းများ၊ ဧရာဝတီတိုင်းရှိ ရေကြည်၊ လယ်မြက်နှာ၊ သာပေါင်း၊ အင်္ဂပူမြို့နယ်များ၊ ပဲခူးတိုင်း အတွင်းရှိ ညောင်ကျိုး၊ လေသာတောင်၊ ကပစ ၁၆ နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ တောင်ပေါ် ဦးရေတပ် တိုက်ပွဲတို့တွင် စစ်တပ်က စစ်မှုထမ်းတပ်သားသစ်များကို အဓိက ပို့ဆောင်ကာ တိုက်ပွဲ ဖော်ဆောင်နေခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ပုံစာ- မေ ၂၉ ရက်နေ့က ရန်ကုန်တိုင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၂၃)သင်တန်းဆင်းပွဲပြုလုပ်နေသည်ကို တွေ့ရစဉ်။