ဧရာဝတီတိုင်းမ်
ဇွန် ၃ ရက်
အာဏာသိမ်းပြီးနောက် အတုအယောင်ရွေးကောက်ပွဲဖြင့် သမ္မတနေရာကို ရယူထားသည့် ရွေးတုသမ္မတ ဦးမင်းအောင်လှိုင် အိန္ဒိယနိုင်ငံသို့ သွားရောက်နေစဉ်အတွင်း ကမ္ဘာ့အဆင့်မြင့် နည်းပညာလုပ်ငန်းများ အတွက် မရှိမဖြစ်လိုအပ်သည့် မြန်မာ့မြေရှားသတ္တု (Rare Earths) ကို အိန္ဒိယအစိုးရက မျက်စိကျ၍ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သော်လည်း အဆိုပါ အရေးကြီးသတ္တုတွင်းများ တည်ရှိရာဒေသအားလုံးကို တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့များကသာ အခိုင်အမာ ထိန်းချုပ်ထားကြောင်း သိရသည်။
ရွေးတုအစိုးရသမ္မတ ဦးမင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း ကမ္ဘာအနှံ့ လိုက်လံရှာဖွေနေသည့် အရေးကြီးသတ္တုသိုက်များ (Critical Minerals) ရရှိရေးအတွက် အိန္ဒိယနိုင်ငံ၏ ကြိုးပမ်းမှုများ ပေါ်လွင်နေကြောင်း နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်သည့် Strat News Global တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇွန် ၁ ရက်နေ့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ရွေးတုသမ္မတဦးမင်းအောင်လှိုင်နှင့် အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီတို့ ဆွေးနွေးပွဲအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် ဗစ်ကရမ် မစ်ဆရီက နှစ်နိုင်ငံအကြား အရေးကြီးသတ္တုများနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

“ဒီနေ့ ဆွေးနွေးပွဲတွေမှာ အရေးကြီးသတ္တုတွေနဲ့ ရှားပါးမြေဒြပ်စင် (Rare Earths) တွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေ ပါဝင်ခဲ့ပါတယ်။ ဒါဟာ နှစ်နိုင်ငံကြား အချိန်အတော်ကြာ ဆွေးနွေးလာခဲ့တဲ့ အကြောင်း အရာဖြစ်ပြီး အစိုးရနှစ်ရပ်နဲ့ နှစ်ဖက်စလုံးက သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက် သွားကြဖို့နဲ့ ဒီကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှု ရှေ့ဆက်တိုးမြှင့်သွားဖို့ နားလည်မှု ရရှိခဲ့ကြပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် ကချင်ပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည် နယ်နှင့် ထိုင်းနိုင်ငံနယ်စပ်အနီးရှိ ဒေသများတွင် ရှားပါးမြေဒြပ်စင် သတ္တုသိုက် အမြောက်အမြား တည်ရှိ နေသည်။
သို့သော် အဆိုပါဒေသများကို တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့များကသာ အလုံးစုံ ထိန်းချုပ်ထားသဖြင့် နိုင်ငံတကာက အသိအမှတ်မပြုသည့် ရွေးတုအစိုးရနှင့် သဘောတူရုံဖြင့် သွားရောက်ထုတ်ယူရန် မလွယ်ကူကြောင်း Strat News Global က သုံးသပ်ထားသည်။
ရွေးတုအစိုးရသည် အထူးသဖြင့် ကချင်ပြည်နယ်အတွင်း ၎င်းတို့၏ အဓိကဝင်ငွေ အမြောက်အမြား ရရှိနေသည့် မြေရှားသတ္တုနှင့် အဖိုးတန်သတ္တုများ ထွက်ရှိရာ ဒေသများကို လက်လွှတ်ထားရသဖြင့် ‘ရက် ၁၀၀ စီမံချက်’ ဟု အမည်ပေးထားသည့် ထိုးစစ်ဆင်ရေးကြီးများကို ဖော်ဆောင်ရန် ပြင်ဆင်လျက် ရှိသည်။
ထို့ကြောင့် ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) အတွင်းသို့ လေယာဉ်ဆီအပါအဝင် လက်နက်ခဲယမ်းနှင့် စစ်အင်အားများကို အလုံးအရင်းဖြင့် အသည်းအသန် ဖြည့်တင်းနေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
စစ်အုပ်စုက အဓမ္မ ပြန်လည်ထိုးစစ်ဆင်မည့် ဒေသများတွင် ကချင်ပြည်နယ်အတွင်းရှိ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ချီဖွေ၊ ဆော့လော် နှင့် ရွှေကူ စသည့် မြို့နယ် ငါးခု ပါဝင်နေကြောင်း သိရသည်။
ထို့ပြင် မြန်မာ့မြေရှားသတ္တုကို မျက်စိကျနေသည့် အိန္ဒိယအစိုးရနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြားတွင် မြေရှားသတ္တု တူးဖော်ရေးကိစ္စနှင့် ပတ်သက်၍ သီးသန့် စကားပြောဆို ဆွေးနွေးမှုများ တိတ်တဆိတ် ရှိနေကြောင်းလည်း သတင်းများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လျက်ရှိသည်။
မြန်မာနိုင်ငံရှိ မြေရှားသတ္တုတွင်း တူးဖော်ရေး အဓိကလုပ်ငန်းများသည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ဖြစ်သည့် KIA က ထိန်းချုပ်ထားရာ ပန်ဝါဒေသရှိ သတ္တုတွင်းများနှင့် ရှမ်းပြည် နယ်အရှေ့ပိုင်းရှိ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာ ဒေသများတွင် သတ္တုတွင်း အများအပြား တည်ရှိနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့မြေရှားသတ္တု ကုန်ကြမ်းထုတ်လုပ်မှုတွင် အရေးပါဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယခင်က တရုတ်နိုင်ငံသို့သာ အဓိက တင်ပို့ရောင်းချခဲ့ကာ တရုတ်ဘက်ကမှတစ်ဆင့် ကမ္ဘာ့ဈေးကွက်သို့ ပြန်လည်တင်ပို့ ရောင်းချနေရခြင်း ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – အိန္ဒိယ၊ နိုင်ငံခြားသတင်းဌာန