နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၃ ရက်

ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်မှုကြောင့် ကမ္ဘာ့နိုင်ငံများ၏ ဝိုင်းပယ်အရေးယူ ပိတ်ဆို့ခြင်း ခံထားရသော ရုရှားနိုင်ငံ၏ စီးပွားရေးဖိုရမ်သို့ သွားရောက်ကာ ပူးပေါင်းဆောင်ရွက်ရန်အတွက် မြန်မာ့ အာဏာသိမ်း စစ်အုပ်စု၏ အသွင်ပြောင်း ရွေးတုအစိုးရ ဒုသမ္မတ ဦးညိုစောနှင့်အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ရုရှားနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရသည်။

ကမ္ဘာ့စီးပွားရေး ဖိုရမ်တစ်ခုဟု ခေါ်ဆိုနိုင်သော်လည်း လက်ရှိတွင် အပယ်ခံဖြစ်နေသည့် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ ယနေ့ ဇွန်လ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပမည့် (၂၉) ကြိမ်မြောက် နိုင်ငံတကာ စီးပွားရေးဖိုရမ် (SPIEF) သို့ တက်ရောက်ရန် ရွေးတုဒုသမ္မတနှင့်အတူ ၎င်းတို့ခန့်အပ်ထားသော ရွေးတုအစိုးရအဖွဲ့ ဝန်ကြီးများလည်း အုပ်စုလိုက် လိုက်ပါသွားခြင်း ဖြစ်သည်။

အဆိုပါ ခရီးစဉ်တွင် ရွေးတုအစိုးရ၏ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ပြန်ကြားရေးဝန်ကြီး ဦးထိန်လင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဆန်းဦးတို့ ပါဝင်ပြီး ၎င်းတို့သည် ယမန်နေ့ ဇွန်လ ၂ ရက်နေ့ကတည်းက ထွက်ခွာသွားခြင်း ဖြစ်ကြောင်း ရွေးတုအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ခရီးစဉ်အတွင်း မည်သည့်နိုင်ငံတကာ ခေါင်းဆောင်များနှင့် တွေ့ဆုံမည်၊ မည်သည့် ကဏ္ဍရပ်များကို အဓိကထား ဆွေးနွေးမည်ဆိုခြင်းကိုမူ စစ်အုပ်စုဘက်က အသေးစိတ် ထုတ်ပြန် ထားခြင်း မရှိပေ။

သို့သော် ယခုသွားရောက်သည့် ရွေးတု ဒုသမ္မတ၏ ခရီးစဉ်သည်နိုင်ငံတကာမျက်နှာစာတွင် အကျပ် အတည်း ဆိုက်နေသည့် နှစ်နိုင်ငံအကြား ပူးပေါင်းမှုများ မြှင့်တင်ရန်နှင့် အပယ်ခံချင်း မိတ်ဖက်နိုင်ငံများ တိုးပွားထောက် ခံလာစေရန် ထွက်ပေါက်ရှာသည့် ရည်ရွယ်ချက်သာ ဖြစ်ကြောင်း စစ်ရေး၊ နိုင်ငံရေး အကဲခတ်များက ထောက်ပြသည်။

စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ် (SPIEF) ၏ ရည်ရွယ်ချက်မှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြောင်းလဲမှုများ၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက် မှုများ ကို ဆွေးနွေးရန်ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှစတင်ကာ ရုရှားသမ္မတ ပူတင်ကိုယ်တိုက် တိုက်ရိုက်ကြီးကြပ်ခဲ့ခြင်း ဖြစ်သည်။

ယခင်က ကမ္ဘာ့အဆင့်မီ စီးပွားရေးဖိုရမ်တစ်ခု ဖြစ်လာခဲ့သော်လည်း ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်လာပြီးနောက်ပိုင်းတွင် အမေရိကန်၊ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများ၊ ဗြိတိန်၊ ဂျပန်နှင့် ကနေဒါ စသည့် အနောက်ဒီမိုကရေစီ နိုင်ငံကြီးများက လုံးဝတက်ရောက်ခြင်း မရှိတော့ဘဲ ယင်းဖိုရမ်ကို သပိတ်မှောက်ထားသည်။

ယင်းအပြင် အမေရိကန်၊ EU၊ ဗြိတိန်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် နယူးဇီလန် စသည့်နိုင်ငံများက စီးပွားရေးအပြင် နိုင်ငံရေးအရ ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်တိုက် ပြုလုပ်ထားသဖြင့် ရုရှားနိုင်ငံအနေဖြင့် စီးပွားရေး တုံ့ဆိုင်းလာမှု၊ ငွေကြေးဖောင်းပွမှုနှင့် အတိုးနှုန်း မြင့်မားမှု ဒဏ်များကို အလူးအလဲ ခံစားနေရသည်။

အာဏာသိမ်း ရွေးတုစစ်အုပ်စုသည်လည်း တစ်ကမ္ဘာလုံး၏ အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများကို ထပ်တူရင်ဆိုင်ကြုံတွေ့နေရကာ ယင်းအခြေအနေများကို ကျော်လွှားနိုင်ရန်အတွက် ရုရှားအပါအဝင် အနောက်အုပ်စုမပါသော BRICS အဖွဲ့ဝင်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံအချို့ကို တွယ်ကပ်၍ ထိတွေ့ဆက်ဆံ ပူးပေါင်းနိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

လက်ရှိတွင် ရုရှားနိုင်ငံနှင့် ရွေးတုစစ်အုပ်စုအကြား ဆက်ဆံမှုမှာ ပြည်သူလူထုကို သတ်ဖြတ်ရန် စစ်လေယာဉ်၊ ဒရုန်း၊ စစ်လက်နက်ပစ္စည်းနှင့် နည်းပညာများ ဝယ်ယူရေး၊ လောင်စာဆီနှင့် စွမ်းအင်ကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ဘဏ်လုပ်ငန်း စသည့် ကဏ္ဍများတွင်သာ အဓိက အပြန်အလှန် မှီခိုနေကြရပြီး အထူးသဖြင့် စစ်ရေးအရ ပူးပေါင်းဝယ်ယူမှုများအတွက် အပြန်အလှန် သွားရောက်လည်ပတ် ဆွေးနွေးလေ့ရှိကြောင်း သိရသည်။

ဓာတ်ပုံ-MOI

ပုံစာ-ရုရှားနိုင်ငံသို့ သွားရောက်သည့် စစ်အုပ်စု၏ ရွေးတုဒုသမ္မတ ဦးညိုစောနှင့်အဖွဲ့ကို တွေ့ရစဉ်