ဧရာဝတီတိုင်းမ်
ဧပြီ ၁၅ရက်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က စစ်ခေါင်းဆောင် ဦးဆောင်သော အစိုးရသစ်ကို ကြိုဆိုသည်ဟုဆိုကာ သဝဏ်လွှာပေးပို့မှုအတွက် ဝေဖန်မှုများ မြင့်တက်နေကြောင်း သိရသည်။
အာဏာသိမ်းစစ်ခေါင်းဆောင်ကို နိုင်ငံတော်သမ္မတအဖြစ် ခန့်အပ်ပြီး အတုအယောင် အရပ်သားအစိုးရသစ် ဖွဲ့စည်းလိုက်ခြင်းအပေါ် PSLF/TNLA အနေဖြင့် ဂုဏ်ပြုကြိုဆိုကြောင်း ၂၀၂၆ခုနှစ် ဧပြီ ၁၅ ရက်နေ့ရက်စွဲဖြင့် ဖော်ပြလာခြင်းဖြစ်သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဟိုင်ဂင်သဘောတူညီချက်မှတစ်ဆင့် ကိုး ကြိမ်မြောက် ဆွေးနွေးပွဲတွင် မြန်မာ့တပ်မတော်နှင့် နှစ်ဖက်အပြန်အလှန် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ကိုလည်း ထည့်သွင်းဖော်ပြထားသည်။
“ အပြီးတိုင်လွတ်မြောက်အောင်မကြိုးပမ်းဘဲ မကျေနပ်ရင်ထတိုက် အဆင်ပြေတော့ စားပွဲဝိုင်းပေါ်တက်နဲ့ မြန်မာ့နိုင်ငံရေးသံသရာထဲ ဒီလိုလည်နေတာကတော့ ရှက်စရာကောင်းတယ်” ဟု တော်လှန်ရေးအခြေအနေကို လေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
မြန်မာ့တပ်မတော်နှင့်အတူ အစိုးရသစ်၏ အပစ်အခတ်ရပ်စဲရေး ကတိကဝတ်များကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာနိုင်ရန် အထူးမျှော်လင့်ကြောင်း တိုက်တွန်းထားသည်။
” စကစ နဲ့ ဆွေးနွေးတော့မယ်တို့ ဒေါ်အောင်ဆန်းစုကြည် လွတ်လာရင်တော်လှန်ရေးကို ကျောခိုင်းသွားမှာတို့ ဆိုပြီး တချိန်လုံးယိုးစွပ်ခံခဲ့ရတာ က NUG ၊ တကယ်လုပ်သွားတော့ အရိုးခံ နဲ့တော်လှန်လှပါတယ်ဆိုတဲ့ တိုင်းရင်းသား ဆိုတဲ့သူတွေ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက မှတ်ချက်ပြုသည်။
၁၀၂၇စစ်ဆင်ရေးတွင် အင်တိုက်အားတိုက်ပါဝင်ခဲ့သည့် TNLAက နောင်ချိုတိုက်ပွဲပြီးသည့်နောက် စစ်ကော်မရှင်နှင့်အပစ်ရပ်ကာ မိုးကုတ်၊ မိုးမိတ်တို့ကို ပြန်ပေးခဲ့ရသည်။ ထိုစစ်ဆင်ရေးများတွင် အညာအပါဝင်မြေပြန့်မှ တော်လှန်ရေးအင်အားစုများက အသက်ပေါင်းများစွာပေးဆပ်၍ တိုက်ပွဲဝင်ခဲ့ကြသည့် မှတ်တမ်းများလည်း ရှိနေသည်။
TNLA အနေဖြင့် စစ်ကော်မရှင်နှင့် ပထဦးဆုံး အပစ်ရပ်သဘောတူညီမှုရယူသွားသည့် မိတ်ဖက် MNDAA၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် သိန္ဒီမှ ဆုတ်ခွါပေးခဲ့ရသည်။
#TNLA #စစ်ကော်မရှင် #အစိုးရသစ် #သဝဏ်လွှာပို့ #Ayeyarwaddy_Times