ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဧပြီ ၁၅ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်းလီရွာတွင် အခြေစိုက်ထားသော စစ်ကော်မရှင်တပ်၏ စခန်းကုန်းကို ချင်းပြည် (Chinland) အစိုးရ ကာကွယ်ရေးပူးပေါင်းတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) တို့က ယမန်နေ့ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့ ညနေပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် ငါး ဦး တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး၊ အခြားရဲဘော်အချို့လည်း မစိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

“မနေ့က စစ်ကော်မရှင်တပ် အင်အား ၅၀ ခန့်ရှိတဲ့ တပ်ခွဲစခန်းကို သိမ်းပိုက်ခဲ့တာပါ။ လက်နက် ၂၄ လက်နဲ့ ကျည်ဆန်တွေ၊ စစ်အသုံးအဆောင်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်” ဟု သတင်းအရင်းအမြစ်တစ်ခုက ဧရာဝတီတိုင်းမ်သို့ ပြောကြားသည်။
ဖလမ်းမြို့နှင့် ၁၀ မိုင်ခန့်အကွာတွင်ရှိပြီး စစ်ကော်မရှင်တပ်က အခိုင်အမာ တပ်စွဲထားသော ခွန်းလီစခန်း ကို တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကာ စစ်ကော်မရှင်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း သိရသည်။

စစ်ကော်မရှင်onf ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ အင်အား ထောင်ကျော်ဖြင့် စစ်ကြောင်းထိုးလာခဲ့သော်လည်း ချင်းတော်လှန်ရေး ပူးပေါင်းတပ်များက ၆ လကျော် ကြာသည့်အထိ ပြင်းထန်စွာ ခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်။
၆ လကျော်ကြာ ဖလမ်းမြို့နယ်တိုက်ပွဲများအတွင်း စစ်ကော်မရှင်ဘက်မှ ၄၀၀ ကျော် သေဆုံးခဲ့ပြီး အထိနာနေသည့် စစ်ကော်မရှင်သည် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခြင်းအပြင် လက်ရှိအချိန် အထိ စစ်ကူအင်အားများ ထပ်မံပေးပို့နေကြောင်း သိရသည်။
ပုံစာ – ချင်းတော်လှန်ရေးပူးပေါင်းတပ်က သိမ်းဆည်းရမိသော လက်နက်ခဲယမ်းအချို့။