‎ဧရာဝတီတိုင်းမ်
‎ဧပြီ ၁၅ ရက်

‎အရှေ့အလယ်ပိုင်းဒေသပဋိက္ခများပိုဆိုးရွားလာသောကြောင့် လောင်စာဆီဈေးနှုန်းများမြင့်တင်လာကာ အခြေခံစားသောက်ကုန်ဈေးနှုန်းများ ၁၉ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP ) က ယမန်နေ့တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည် ဖေဖော်ဝါရီလနှောင်းပိုင်းစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံစားသောက်ကုန် များ၏ ပျှမ်းမျှစျေးနှုန်းသည် ၁၉ ရာခိုင်နှုန်းထိ မြင့်တက်သွားခြင်းဖြစ်သည်။ အဆိုပါ စားသောက်ကုန်များတွင် ဆန်၊ စားအုန်းဆီနှင့် ဆားတို့၏ဈေးနှုန်းများပါဝင်သည်။

‎လက်ရှိပြည်တွင်းစားသုံးမှုများသည် ဧည့်မထဆန်တစ်အိတ်လျှင် ၉၅,၀၀၀ ကျပ် ၊ ဇီယာရှယ် ၁၁၀,၀၀၀ ကျပ်၊ ရိုးရိုးပေါ်ဆန်မွှေးတစ်အိတ်လျှင် ၁၆၀,၀၀၀ ကျပ်ရှိကြောင်း စုံစမ်းသိရသည်။

‎အာဏာရှင်စစ်အစိုးရဖြန့်ချီသောစားအုန်းဆီတစ်ပိဿာဈေးနှုန်းလျှင် ကျပ် ၆,၆၈၀ သတ်မှတ်ထားသော်လည်း ပြင်ပပေါက်ဈေးမှာ ကျပ် ၁၆,၀၀၀ မှ ၁၉,၀၀၀ ကျပ်ပတ်ဝန်းကျင် ရှိကြောင်း သိရသည်။

‎” အရင်ကတည်းကဈေးတွေကတက်နေတာ၊ အခုဆီဈေးတက်တော့ ကုန်ဈေးတွေပိုတက်တယ်။ အကုန်အတက်ချည်းပဲ။ အဆင်းမရှိဘူး။ ကြက်ဥတစ်လုံး ၆၀၀ ဖြစ်နေပြီ၊ ကျန်တာတွေလည်းဈေးတက်တယ် ” ဟု ရန်ကုန်မြို့ခံ ကုမ္ပဏီဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောကြားသည်။

‎လက်ရှိတွင် အထွေထွေကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နေသဖြင့် ‌အခြေခံလူတန်းစားများ စားဝတ်နေ‌ရေးအခက်အခဲကြုံတွေ့နေကြရသည်။

စားသောက်ရေးအခက်အခဲဖြစ်နေသောမိသားစုများကို စားနပ်ရိက္ခာလုံလောက်စွာ ရရှိနိုင်ရန်အတွက် လက်ရှိ WFP က ပေးအပ်နေသည့် အကူအညီများကို အခြေအနေအလိုက် ပုံစံပြောင်းလဲပြီး ဆက်လက်ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP ) က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ လူမှုကွန်ရက်