ဧရာဝတီတိုင်းမ်
ဧပြီ ၁၅ ရက်

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘစ်ဆင့်က အင်္ဂါနေ့မှာ တရုတ်နိုင်ငံကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး အရှေ့အလယ်ပိုင်းစစ်ပွဲမှာ တရုတ်ဟာ ရေနံတွေကို သိုလှောင်ထားပြီး တချို့ကုန်ပစ္စည်း တင် ပို့မှုတွေကို ကန့်သတ်ထားတာကြောင့် ကမ္ဘာ့အတွက် အားကိုးလို့မရတဲ့ မိတ်ဖက်ဖြစ်နေတယ်လို့ ဆိုပါ တယ်။

ဒီလုပ်ရပ်ဟာ ကိုဗစ်ကပ်ရောဂါတုန်းက ဆေးဝါးပစ္စည်းတွေကို ကန့်သတ်ခဲ့တာနဲ့ အတူတူပဲလို့ လည်း ၎င်းက ခိုင်းနှိုင်းပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်အရာရှိတွေနဲ့ ဆွေးနွေးထားတယ်လို့လည်း ၎င်းက သတင်းထောက် တွေကို ပြောပေမဲ့ အခုလို အငြင်းပွားစရာတွေကြောင့် မေလလယ်မှာသွားမယ့် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပေကျင်းခရီးစဉ် ပျက်သွားနိုင်မလားဆိုတဲ့ မေးခွန်းကိုတော့ သူက တိုက်ရိုက်မဖြေခဲ့ပါဘူး။

သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကြားမှာတော့ လုပ်ငန်းခွင်ဆိုင်ရာ ဆက်ဆံ ရေး အလွန်ကောင်းမွန်ပါတယ်လို့ပဲ သူက မှတ်ချက်ပေးပါတယ်။

အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်းမှာ တရုတ်ရဲ့ လုပ်ရပ်တွေအပေါ် ဘစ်ဆင့်က ပြင်းပြင်းထန်ထန် ပြစ်တင်ခဲ့ပြီး ရေနံစျေးတွေဟာ ၅၀ ရာခိုင်နှုန်းလောက်အထိ ထိုးတက်သွား သလို ကုန်စည်စီးဆင်းမှု ကွင်းဆက်တွေမှာလည်း အနှောင့်အယှက်တွေ ဖြစ်ကုန်တာပါ။

“ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ တရုတ်ဟာ ကမ္ဘာ့အတွက် အားကိုးလို့မရတဲ့ မိတ်ဖက်ဖြစ်ကြောင်း သုံး ကြိမ်တိုင်တိုင် သက်သေပြခဲ့ပြီးပြီ။ ပထမတစ်ကြိမ် ကိုဗစ်ကာလတုန်းက ကျန်းမာရေးသုံး ပစ္စည်းတွေကို သိုလှောင်ခဲ့တာ၊ ဒုတိယတစ်ကြိမ်ကတော့ မြေရှားသတ္တုကိစ္စပဲ” လို့ ဘစ်ဆင့်က ပြောပါတယ်။

တရုတ်နိုင်ငံမှာ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) အဖွဲ့ဝင် ၃၂ နိုင်ငံပေါင်းထားတဲ့ ပမာဏ လောက်ရှိတဲ့ ရေနံအရန် ရှိနေပြီးသားဖြစ်ပေမဲ့ ရေနံတွေကို ဆက်ပြီး ဝယ်ယူနေတယ်လို့ ဘစ်ဆင့်က ဆိုပါ တယ်။

ဒီအပေါ်မှာ ဝါရှင်တန်ရှိ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူ လျူပန်ယုက “ကမ္ဘာ့စွမ်းအင်စျေးကွက် မှာ ပစ္စည်းပြတ်လပ်တာတွေ ဖြစ်နေရတာဟာ အရှေ့အလယ်ပိုင်းက တင်းမာတဲ့ အခြေအနေတွေကြောင့် သာ ဖြစ်တယ်လို့ တုံ့ပြန်လိုက်ပြီး စစ်ရေးလှုပ်ရှားမှုတွေကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။

“အရေးကြီးဆုံးက စစ်ဆင်ရေးတွေကို ချက်ချင်းရပ်ဖို့နဲ့ အရှေ့အလယ်ပိုင်းက မငြိမ်မသက်မှုတွေ ကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် နောက်ထပ် ထိခိုက်မှုတွေ မရှိအောင် တားဆီးဖို့ပါပဲ” လို့ သူက ပြောပါ တယ်။

တရုတ်နိုင်ငံအနေနဲ့ ပဋိပက္ခတွေ အဆုံးသတ်ဖို့ တက်ကြွစွာ လုပ်ဆောင်နေသလို အပြုသဘော ဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်ပြီး ပါဝင်သွားမယ်လို့လည်း ၎င်းက ဆိုပါတယ်။

ပိတ်ဆို့မှုကြောင့် တရုတ်သင်္ဘောတွေရော တခြားဘယ်နိုင်ငံက သင်္ဘောတွေပဲဖြစ်ဖြစ် ရေလက် ကြားကို ဖြတ်သန်းခွင့် ရတော့မှာ မဟုတ်ဘူးလို့ ဘစ်ဆင့်က သတင်းထောက်တွေကို အစောပိုင်းမှာ ပြော ကြားခဲ့ပါတယ်။

ကိုးကား – Reuters
Ref; US Treasury’s Bessent says China has been unreliable partner by hoarding oil during war