ဧရာဝတီတိုင်းမ်
ဧပြီ ၁၄ ရက်
စစ်ကော်မရှင်လက်အောက်ခံ လက်ယက်စခန်းနှင့် လေးကေစခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနလက်အောက်ရှိ တပ်ရင်းတပ်ဖွဲ့များက စခန်းသိမ်းပိုက်နိုင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း တပ်သား ၁၃ ဦးသေဆုံးကာ ဒုတပ်ရင်းမှူးတစ်ဦးကို အရှင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ စစ်ကော်မရှင်တပ်၏ လက်ယက်စခန်း (ပွိုင့် ၁၂၈ စခန်း)ကို လေးရက်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ပြီးခဲ့သည့် ဧပြီ ၇ ရက်နေ့တွင် စခန်းသိမ်းနိုင်ခဲ့ပြီး တပ်သား အလောင်း ရှစ်လောင်းရရှိခဲ့ပြီး ၃၀ ဦးကျော်ဒဏ်ရာရကာ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ စစ်ကော်မရှင်မှ တပ်အထိုင်ချတပ်စွဲထားသည့် လေးကေစခန်းကိုလည်း ငါးရက်ကြာထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဧပြီ ၁၂ ရက်နေ့တွင် စခန်းသိမ်းပိုက်နိုင်ခဲ့ကာ တပ်သား ငါးဦးသေဆုံးပြီး ဒုတပ်ရင်းမှူးအောင်သော် နှင့် အခြားတပ်သားတစ်ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လေကေစခန်းမှ ငါကြင်းမြီး တစ်လက်၊ MA-2 တစ်လက်၊ ၆၀-မမ တစ်လက်၊ ၆၀-မမသီး ၂၉ လုံး၊ ၄၀-မမသီး ၇၅ လုံး၊ ၅.၅၆ကျည်တောင့်များ၊ ဂျန်မာ၊ ဆက်သွယ်ရေးအထိုင်စက်၊ မီးစက်စသည့် ဆက်စပ်စ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ယက်စခန်းသိမ်းတိုက်ပွဲအတွင်း ၆၀-မမ တစ်လက်၊ MA-11 လေးလက်၊ MA-1 တစ်လက်၊ MA-4 ပူးတွဲ တစ်လက်၊ RPG၊ စက်လက်ကျည်တောင့်၊ ၅.၅၆ ကျည်တောင့်၊ ၆၀မမ၊ ကျည်ဘောက် စသည့် စစ်သုံးပစ္စည်းအများအပြားကို သိမ်းဆည်းရမိခဲ့သည်။
လေးကေစခန်းသိမ်းတိုက်ပွဲကို KNU တပ်မဟာ (၁) ရှိ KNLA တပ်ရင်းများ၊ KNDO၊ ABSDF၊ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ (၃၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ နည်းဗျူဟာ (၂၇) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ UOC စစ်ကြောင်း၊ FFD ဒရုန်းတပ်ဖွဲ့၊ ရောင်နီဒရုန်းတပ်ဖွဲ့၊ Cloud Wings ဒရုန်းတပ်ဖွဲ့၊ KRF ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အလားတူ လက်ယက်စခန်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ရန်ကုန်တိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ တပ်ရင်းများ၊ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ (၃၆) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ SOG ဒရုန်းတပ်ဖွဲ့၊ KNLA တပ်ရင်း (၇)၊ တပ်ခွဲ (၁) မှ ပူးပေါင်းသိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – အထူးတိုင်းစစ်ဌာန