ဧရာဝတီတိုင်းမ်
ဧပြီ ၁၄ ရက်
ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများတွင် စစ်အာဏာသိမ်းပြီးစ နှစ်များအတွင်း သင်္ကြန်ပွဲတော် လူစည်ကားကြောင်း ပြသရန် စစ်ကော်မရှင်က ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ဘဲ အရှက်ကွဲခဲ့ရသည်။ သို့သော် ရွေးတုလွှတ်တော်မှတစ်ဆင့် စစ်ဝတ်စုံချွတ် အစိုးရသစ်ဖွဲ့စည်းပြီးနောက် ပထမဆုံးကျင်းပသည့် ယခု ၂၀၂၆ ခုနှစ် သင်္ကြန်တွင်မူ လူစည်ကားစေရန် နည်းမျိုးစုံဖြင့် ကြိုးစားအားထုတ်လာကြောင်း တွေ့ရသည်။
ယခုနှစ်တွင် သင်္ကြန်ပွဲကျင်းပနိုင်သည့် တိုင်းဒေသကြီးများအတွင်းရှိ မြို့နယ်ခွဲများအထိ လမ်းလျှောက်သင်္ကြန်များ ပြုလုပ်ရန်နှင့် ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်များနှင့် ဖျော်ဖြေရေးအစီအစဉ်များကိုပါ ထည့်သွင်းရန် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများကို စစ်ကော်မရှင်က ညွှန်ကြားထားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“လမ်းလျှောက်သင်္ကြန်တွေ လုပ်ပေးထားတယ်။ အများစုကတော့ အာဏာသိမ်းစမှာ ၁၃၊ ၁၄ နှစ်ပဲရှိသေးတဲ့ ကလေးတွေ အရွယ်ရောက်လာကြတာ။ သူတို့မှာ နိုင်ငံရေးခံယူချက်တို့၊ လူ့တာဝန်တို့ဆိုတာထက် ပျော်ချင်တဲ့စိတ်က ရှေ့တန်းရောက်နေတော့ လာဆော့ကြတာပဲ။ လုံခြုံရေးကလည်း အရင်နှစ်တွေလောက် ရမ်းကားမနေတော့ လူတွေက ထွက်လာကြတယ်။ ပျော်ချင်တဲ့သူ ပျော်ပါ။ ဒါကတော့ ကိုယ့်တစ်ကိုယ်စာ ကိုယ်ချင်းစာ တရားနဲ့ပဲ ဆိုင်ပါတယ်” ဟု ရန်ကုန်ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ဆေးရေးဂိတ်များတွင်လည်း ယခင်နှစ်များကကဲ့သို့ မူးယစ်သောက်စားကာ ပြည်သူကို ခြိမ်းခြောက်နေသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို လျှော့ချထားပြီး လူအသွားအလာ များပြားစေရန် တမင်သက်သက် လျှော့ပေါ့စီစဉ်ထားသည်ကို တွေ့ရသည်။

ပြည်သူအချို့မှာလည်း နှစ်ကာလတစ်ခုအကြာ အသိစိတ်ဖြင့် ရပ်နားထားသည့် သင်္ကြန်ပွဲတော်ကို ယခုနှစ်တွင် ပြန်လည်ဆင်နွှဲလာကြပြီး အချို့ရပ်ကွက်များ၌ အုန်းလက်မဏ္ဍပ်ငယ်များထိုးကာ တစ်ပိုင်တစ်နိုင် ရေပက်ကစားခြင်းများ ပြုလုပ်လာကြသည်။
စစ်ကော်မရှင်က ခန့်အပ်ထားသည့် တာဝန်ရှိသူဆိုသူများသည် သင်္ကြန်အကြိုနေ့က ဗဟိုမဏ္ဍပ်များကို အဆို၊ အကများဖြင့် ဖွင့်လှစ်ခဲ့ပြီး ရွေးကောက်ပွဲအတုမှ ပေါ်ထွက်လာသည့် သမ္မတ (ရွေးတုသမ္မတ) ရာထူးရယူထားသည့် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် နေပြည်တော်သင်္ကြန်ကို ဖွင့်လှစ်ပေးခဲ့သည်။
ပုံစာ – ၂၀၂၆ ခုနှစ်၊ သင်္ကြန်အကြိုနေ့ မြို့ပေါ်မြင်ကွင်းအချို့။