ဧရာဝတီတိုင်းမ်
ဧပြီ ၁၄ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မရှီကထောင်ကျေးရွာရှိ ဆုတောင်းကုန်းတွင် စစ်ကော်မရှင်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေပြီး၊ စစ်ကော်မရှင်ဘက်က အထိနာကာ အလောင်းအမြောက်အမြား ကျန်ရစ်ခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်နှင့် မင်းဇေသန့်၊ ဦးဇခုန်တိန့်ယိန်း ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များသည် ယမန်နေ့ ဧပြီ ၁၃ ရက်က ဆုတောင်းကုန်းကို အတင်းအကျပ် ကျားထိုးတက် တိုက်ခိုက်ခဲ့ရာ KIA နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကော်မရှင်နှင့် ပြည်သူ့စစ်အဖွဲ့ဝင် ၃၀ ခန့် သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
စစ်ကော်မရှင်ဘက်မှ တောင်စောင်းတစ်လျှောက် ပြန့်ကျဲနေသည့် အလောင်းများကို ပြန်လည်ဆွဲချသွားပြီးနောက် ဆုတောင်းကုန်းဘက်သို့ လေကြောင်းမှ ၃ ကြိမ်ထက်မနည်း လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သည်။ ထိုသို့ လေကြောင်းပစ်ကူ အလွန်အကျွံ သုံးစွဲလာသဖြင့် ဆုတောင်းကုန်းအနီးရှိ ကာကင်းစခန်းတစ်ခုကို KIA က ခေတ္တဆုတ်ခွာပေးလိုက်ရကြောင်း သိရသည်။
“ဖားကန့်ဗျူဟာကုန်းကိုလည်း နေ့တိုင်းလို ဒရုန်းနဲ့ ပစ်ထားတာ တွေ့ရတယ်။ ဆုတောင်းကုန်းဘက်မှာ ပြည်သူ့စစ်တွေ အသေများတယ်။ အလောင်းတွေကို အောက်ကို ပြန်ဆွဲချနေရတယ်” ဟု ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
နှစ်ဖက်အဖွဲ့များသည် မရှီကထောင် ဆုတောင်းကုန်းတွင် ပြီးခဲ့သည့် ဧပြီ ၁၁ ရက်ကတည်းက လက်နက်ကြီး၊ လက်နက်ငယ်နှင့် ဒရုန်းများဖြင့် အပြန်အလှန် ပစ်ခတ်မှုများ စတင်ခဲ့ခြင်းဖြစ်သည်။
စစ်ကော်မရှင်သည် ဧပြီ ၂ ရက်နေ့က ရှေ့တန်းစခန်းအချို့ ပေးလိုက်ရပြီးနောက် ပြည်သူ့စစ်အဖွဲ့များကိုပါ ရှေ့တန်းထုတ်ကာ ဖားကန့်မြို့နယ်အတွင်း အင်အားဖြန့်ကျက်လာခြင်း ဖြစ်သည်။
ယမန်နေ့ တိုက်ပွဲတွင် စစ်ကော်မရှင်က ပြည်သူ့စစ်လူငယ်များကို ရှေ့တန်းမှ အသေခံ ကျားထိုးတက်ခိုင်းသည့်အတွက် သေဆုံးမှု များပြားခဲ့ခြင်းဖြစ်ပြီး KIA ဘက်မှလည်း ထိခိုက်သေဆုံးမှုအချို့ ရှိနိုင်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်