‎ဧရာဝတီတိုင်းမ်
‎ဧပြီ ၁၄ရက်

စစ်တပ်အာဏာသိမ်းသည့်ကာလမှစ၍ စာနာစိတ်ဖြင့် သင်္ကြန်ပွဲကို ပါဝင်ဆင်နွှဲခြင်းမရှိသည့် ပြည်သူများမှာ ယခုနှစ်တွင် စစ်ရေးတည်ငြိမ်သည့် မြို့ကြီးအချို့၌ ကျင်းပသည့် သင်္ကြန်ပွဲများသို့ ပြန်လည် ဝင်ရောက် ဆင်နွှဲလာကြသည်ကို တွေ့ရသည်။

စစ်ကော်မရှင်သည် မြို့ကြီးများတွင် လူစည်ကားများပြားရန် ရည်ရွယ်၍ လမ်းလျှောက်သင်္ကြန်များနှင့် ဖျော်ဖြေရေးမဏ္ဍပ်အများအပြား ဆောက်လုပ်ထားသည်။

စစ်ရေး၊ စီးပွားရေးနှင့် စစ်မှုထမ်းရန် အဓမ္မပေါ်တာဆွဲခံရသည့် အကျပ်အတည်းများကြောင့် မွန်းကြပ် နေသော ပြည်သူများ ယခုနှစ်တွင် ရိုးရာပွဲတော် သင်္ကြန်တွင် ပါဝင်ဆင်နွှဲလာမှုအပေါ် တော်လှန်ရေး အဖွဲ့များက “ပြည်သူများမှာ ပျော်ရွှင်မှုနဲ့ ထိုက်တန်ပါတယ်။ တစ်ဖက်က ဒဏ်ရာတွေကိုတော့ စာနာမျှဝေပေးပါ”ဟု တိုက်တွန်းထားသည်။


“ပွဲတော်မှာ ပျော်ကြပါ။ ဒါပေမဲ့ လူအဖွဲ့အစည်းရဲ့ ဒဏ်ရာတွေကိုတော့ မမေ့လိုက်ကြပါနဲ့လို့ တိုက်တွန်းချင်ပါတယ်။ ပြည်သူတွေ မွန်းကြပ်နေတာ သိပါတယ်” ဟု အမျိုးသမီး ထောက်ပို့ ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်သည် စစ်ရေးပြင်းထန်နေသည့် စစ်ကိုင်းတိုင်းကဲ့သို့ မြို့ကြီးများ၌ပင် ဗဟိုမဏ္ဍပ်များ ဆောက်လုပ်ထားပြီး “ပေါ်တာမဆွဲပါ” ဟု ရပ်ကွက်များအတွင်း အသိပေးကာ လူစုလူဝေးဖြစ်အောင် ဆွဲဆောင်လျက်ရှိသည်။

 

ထိုသို့ မြို့ကြီးများ၌ သင်္ကြန်ပွဲများ ခြိမ့်ခြိမ့်သဲ ကျင်းပနေချိန်၊ ယမန်နေ့ ဧပြီ ၁၃ ရက် (သင်္ကြန်အကြိုနေ့) က ပခုက္ကူမြို့နယ်ရှိ အိမ်ခြေ ၅၀၀ ခန့်ရှိသော မြောက်လူးကန်ကျေးရွာကို စစ်ကော်မရှင်တပ်များက ဝင်ရောက်စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သည်။

 

ရခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) အစိုးရက ‎ရခိုင်လွတ်မြောက်မြို့နယ်များမှ ပြည်သူများကို လေကြောင်းအန္တရာယ်ကြောင့် လူစုလူဝေးမပြုလုပ်ရန်၊ တစ်နေရာနှင့်တစ်နေရာ လူစုလူဝေးများနှင့် လှည့် လည်သွားလာခြင်းမပြုကြရန် တားမြစ်ထားသည်။

ဓာတ်ပုံ-လူမှုကွန်ရက်