ဧရာဝတီတိုင်းမ်
(ဖလမ်း)၊ ဧပြီ ၁၄ ရက်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဟွာလ်ငိုးဒေသအခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ – CDF-Hualngoram က တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးလှူခဲ့သည့် ကျဆုံးရဲဘော်မိသားစုများ၊ ဒဏ်ရာကြောင့် မသန်စွမ်းဖြစ်သွားသည့် ရဲဘော်များနှင့် လက်ရှိတာဝန်ထမ်းဆောင်နေသော ရဲဘော်များကို လစဉ်ပုံမှန် ထောက်ပံ့နိုင်ရန် စီစဉ်နေကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ကူညီမှုများကို ဒေသတွင်းရှိ ပြည်သူလူထုနှင့် ပူးပေါင်းကာ အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်နေကြောင်း CDF-Hualngoram ထံမှ သိရသည်။

“ကျွန်တော်တို့အနေနဲ့ ဒီကိစ္စကို အလေးထားပြီး ဆောင်ရွက်နေတာ ကြာပါပြီ။ ချင်းပြည်မှာ ပထမဆုံးဖြစ်မယ်ထင်တယ်။ ငွေကြေးပိုင်း မတတ်နိုင်ရင်တောင် ဆန်၊ ဆီ၊ ဆား စတဲ့ စားနပ်ရိက္ခာတွေနဲ့ အမြဲထောက်ပံ့ပေးလေ့ရှိတယ်။ ဒါပေမဲ့ တိုက်ပွဲကာလ ငွေကြေးအခက်အခဲရှိတဲ့အချိန်တွေမှာ ကျဆုံးရဲဘော်မိသားစု အားလုံးကို မပေးနိုင်ဘဲ တစ်လကို ၃ ဦး၊ ၄ ဦး အစရှိသဖြင့် အလှည့်ကျပဲ ထောက်ပံ့ပေးခဲ့ရတာပါ။ အခုတော့ ပိုပြီး ပြည့်ပြည့်စုံစုံနဲ့ စနစ်တကျ ထောက်ပံ့ပေးနိုင်ဖို့ အစီအမံတွေ လုပ်နေတာဖြစ်ပါတယ်” ဟု CDF-Hualngoram တာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
CDF-Hualngoram အနေဖြင့် တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးဆပ်ခဲ့သည့် ရဲဘော်များ၏ ကျန်ရစ်သူမိသားစုများကို အမြဲဦးညွတ်လေးစားကြောင်း ပြသသည့်အနေဖြင့် ယခုကဲ့သို့ စီမံဆောင်ရွက် ရခြင်းဖြစ်ကြောင်း သိရသည်။
တော်လှန်ရေးကာလ ၅ နှစ်အတွင်း CDF-Hualngoram မှ ရဲဘော်စုစုပေါင်း ၁၆ ဦး ကျဆုံးခဲ့ပြီး၊ ကိုယ်လက်အင်္ဂါအစိတ်အပိုင်း ပေးဆပ်ခဲ့ရသူ ခုနစ် ဦးနှင့် ဒဏ်ရာရရှိသူ စုစုပေါင်း ၆၀ ဦးရှိကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – CDF-Hualngoram