ဧရာဝတီတိုင်းမ်
ဧပြီ ၁၄ ရက်

ပါကစ္စတန်မှာကျင်းပတဲ့ အမေရိကန်-အီရန် အပစ်ရပ်စဲရေးဆွေးနွေးပွဲဟာ သဘောတူညီချက်မရ ဘဲ ပြီးဆုံးသွားခဲ့ပြီးနောက် ဟော်မုဇ်ရေလက်ကြားကနေ အဝင်အထွက်လုပ်မယ့် သင်္ဘောတွေကို အမေရိ ကန်ရေတပ်က အမြန်ဆုံး ပိတ်ဆို့မှုတွေ လုပ်တော့မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့မှာ ပြော ကြားလိုက်ပါတယ်။

အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က အီရန်ရဲ့ ဆိပ်ကမ်းအားလုံးကို လာမယ့် တနင်္လာ နေ့ အမေရိကန်အရှေ့ဘက်စံတော်ချိန် မနက် ၁၀ နာရီကစပြီး ပိတ်ဆို့သွားမယ်လို့ ကြေညာခဲ့ပါတယ်။

ဒီပိတ်ဆို့မှုကို ဘယ်နိုင်ငံက သင်္ဘောဖြစ်ဖြစ် ခွဲခြားမှုမရှိဘဲ တန်းတူညီတူ အရေးယူဆောင်ရွက် သွားမယ်လို့ CENTCOM က ဆိုပါတယ်။ အီရန်ဆိပ်ကမ်းတွေကို ဦးတည်တာမဟုတ်ဘဲ တခြားနိုင်ငံက ဆိပ်ကမ်းတွေကြား သွားလာနေတဲ့ သင်္ဘောတွေကိုတော့ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းခွင့် ဆက် ပေးသွားမယ်လို့ ပြောပါတယ်။

စစ်မဖြစ်ခင်က ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ ၂၀ ရာခိုင်နှုန်းလောက် ရှိခဲ့တဲ့ ဒီရေလမ်းကြောင်းကို နိုင်ငံတ ကာသင်္ဘောတွေ အားလုံးအတွက် ပြန်ဖွင့်ပေးဖို့ ဒေါ်နယ်ထရမ့်က တောင်းဆိုခဲ့ပြီး သူက စစ်ပွဲအတွင်းမှာ အီရန်ရဲ့ အဓိက အသာစီးရနေတဲ့ အချက်ကို အားပျော့သွားအောင် လုပ်ချင်နေတာ ဖြစ်ပါတယ်။

အပစ်ရပ်စဲရေးကာလအတွင်း ဟော်မုဇ်ရေလက်ကြားမှာ သွားလာမှုတွေက ကန့်သတ်ခံထားရဆဲ ပါ။ သင်္ဘောသွားလာမှု စောင့်ကြည့်ရေးအဖွဲ့တွေရဲ့ အဆိုအရ အပစ်ရပ်စဲရေး စတင်ကတည်းက အခုထိ ကုန်သွယ်ရေးသင်္ဘော ၄၀ ကျော်ပဲ ဖြတ်သန်းသွားနိုင်တယ်လို့ သိရပါတယ်။

အမေရိကန်က တကယ်ပိတ်ဆို့လိုက်မယ်ဆိုရင် ကမ္ဘာ့စွမ်းအင်ဈေးကွက်ကို ပိုပြီးတော့တောင် ရိုက်ခတ်သွားနိုင်ပါတယ်။ “အကုန်လုံးကို ပေးဖြတ်ရင်ဖြတ်၊ ဒါမှမဟုတ်ရင်လည်း ဘယ်သူ့ကိုမှ ပေးမဖြတ် ဘူး၊ အခြေအနေကတော့ ဒါပါပဲ” လို့ ဒေါ်နယ်ထရမ့်က Fox News ကို ပြောပါတယ်။

“နိုင်ငံတကာရေပိုင်နက်အတွင်း အီရန်ကို ဖြတ်သန်းခပေးခဲ့တဲ့ ဘယ်သင်္ဘောကိုမဆို ရှာဖွေပြီး တားဆီးဖို့ ရေတပ်ကို ညွှန်ကြားထားတယ်လို့ ၎င်းက ဆိုပါတယ်။ တရားမဝင်တဲ့ ဖြတ်သန်းခပေးနေတဲ့ ဘယ်သူ့ကိုမှ ပင်လယ်ပြင်မှာ ဘေးကင်းကင်း သွားလာခွင့် ပေးမှာမဟုတ်ဘူး” လို့ သူက ပြတ်ပြတ်သား သား ပြောထားပါတယ်။

အီရန်က ဟော်မုဇ်ရေလက်ကြားဟာ သူတို့ရဲ့ “အပြည့်အဝ ထိန်းချုပ်မှု” အောက်မှာပဲ ရှိနေဆဲဖြစ် ပြီး စစ်ဘက်နဲ့မဆိုင်တဲ့ သင်္ဘောတွေ သွားလာလို့ရပေမဲ့ စစ်သင်္ဘောတွေ လာမယ်ဆိုရင်တော့ “ပြင်းပြင်း ထန်ထန် တုံ့ပြန်သွားမယ်” လို့ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ပြောပါတယ်။

ပါကစ္စတန်မှာ ၂၁ နာရီကြာအောင် ဆွေးနွေးနေကြတဲ့အချိန် အမေရိကန်ရေတပ်က ဖျက်သင်္ဘော နှစ်စင်းဟာ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေမစခင် ရေလက်ကြားကို ဖြတ်သန်းသွားခဲ့တယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။

ကိုးကား – AFP
Ref; Trump orders naval blockade of Strait of Hormuz after failed US-Iran talks