ဧရာဝတီတိုင်းမ်
ဧပြီ ၁၄ ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းကို စစ်ကော်မရှင်က စစ်ကူများဆက်တိုက်ပို့ပေးနေပြီး လမ်းကြောင်းများကို စစ်ကြောင်းဖြန့်ရန်ကြိုးစားနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၁၁ရက်နေ့က ပဇီနှင့်ဂုတ်ကြီးလမ်းပိုင်း နှစ်ခုလုံးကို အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် မစခ ၉၀၅အတွင်းမှ စစ်ယာဉ်တန်း လေးစီးသည် နှစ်စီးစီခွဲ၍ တက်သွားကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
”တက်သွားတဲ့ ယာဉ်တွေပြန်ဆင်းအလာမှာ စစ်သားလူနာတွေပြန်ပါလာတယ်ပြောတယ်။ ဆုံကုန်းပဲပို့မလား ငဖဲခေါ်သွားမလားတော့မသိသေးဘူး” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယင်းနေ့ နေ့လည်ပိုင်းတွင် စစ်ကား ၁၀စီးပါ ယာဉ်တန်းသည် ဇင်ပြွန်းဘက်သို့ ထပ်မံတက်သွားခဲ့ပြီး ပြန်ဆင်းလာသည့် စစ်ကား လေးစီးတွင် စစ်ဆင်ရေးလူနာ ၁၅ဦးထက်မနည်းကို ပြန်လည်သယ်ဆောင် လာကြောင်း သိရသည်။
နတ်ရေကန်ဗျူဟာသို့သွားနိုင်သည့် လမ်းကြောင်းများတွင် စစ်ကော်မရှင်က အင်အားအလုံးအရင်းဖြင့် တပ်ဖြန့်နေရာယူနိုင်ရန် ကြိုးပမ်းလာပြီး လေကြောင်းနှင့် ဒရုန်းကင်းထောက်မှုများ အဆက်မပြတ်ပြုလုပ်နေသည်ဟုဆိုသည်။
AAနှင့်တော်လှန်ရေးတပ်ဖွဲ့များကလည်း အမြောက်တပ်များအနီးထိ တပ်ဖြန့်လာပြီး စစ်ကော်မရှင်စစ်ကြောင်းများကို ဆီးကြိုတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။
ဧရာဝတီ၊ ပဲခူး၊ မကွေးနှင့် ကျောက်ဖြူတို့ကို စစ်ကော်မရှင်က စစ်ကူများပို့လွှတ်နေပြီး စစ်မှုထမ်းသင်တန်းဆင်း လူသစ်သင်တန်းသားအများစုကို အသုံးပြုနေသည်။