ဧရာဝတီတိုင်းမ်
ဧပြီ ၁၃ ရက်
ယနေ့ ကျရောက်သည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်သည် အာဏာသိမ်းစစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲများကျင်းပကာ တရားမဝင် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းထားသည့် ကာလအတွင်း ကျရောက်လာသော နှစ်သစ်ကူးပွဲတော်လည်း ဖြစ်ပါသည်။
စစ်တပ်မှ မတရားဖမ်းဆီး အကျဉ်းချထားသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်ရေးအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဦးဆောင်၍ “နှစ်သစ်ကူးကမ်ပိန်း” များကို ပြည်တွင်း၊ ပြည်ပတွင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက် ရှိသည်။

ယခုကဲ့သို့ အကျပ်အတည်းများကြားမှ ကျရောက်လာသည့် သင်္ကြန်အခါသမယတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၂၀ ပြည့်နှစ် သင်္ကြန်အကြိုနေ့တွင် ပြည်သူသို့ ပေးပို့ခဲ့ဖူးသည့် နှုတ်ခွန်းဆက်စကားများကိုလည်း ပြည်သူအများအပြားက လူမှုကွန်ရက်ပေါ်တွင် ပြန်လည်မျှဝေလျက် ရှိကြသည်။
“ငယ်ငယ်က သင်ခဲ့ရတဲ့ သီချင်းစာသားလေးနဲ့ ပြည်သူတွေကို သင်္ကြန်အကြိုနေ့မှာ နှုတ်ဆက်လိုက်ပါတယ်။ မာပါစေ၊ ကျန်းမာပါစေ၊ ပန်းလိုမွှေး၊ ရေလိုအေးကာ၊ ထာဝစဉ် ရွှင်လန်းကြပါစေ။ အေး၊ အေး၊ အေးချမ်းဖို့လေ၊ ဘေးဘယာတွေ ဝေးကွာစေဖို့လေ” ဟူသည့် ဆုတောင်းစကားဖြင့် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများကို နှုတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့သည် စစ်အုပ်စု၏ မတရား ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရသည်။
သို့သော် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာမသိမ်းမီကာလက နေပြည်တော် သင်္ကြန်မဏ္ဍပ်များတွင် ပြည်သူနှင့်အတူ ပျော်ပျော်ပါးပါး ရေကစားခဲ့ကြသည့် ပုံရိပ်များသည် ပြည်သူများအတွက် အမှတ်တရ ခွန်အားများ ဖြစ်နေဆဲ ဖြစ်သည်။
ဓာတ်ပုံ – အင်တာနက်
ပုံစာ – ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်၊ နေပြည်တော်သင်္ကြန်အတွင်း နိုင်ငံတော်အကြီးအကဲများ၏ ပုံရိပ်များ