ဧရာဝတီတိုင်းမ်
ဧပြီ ၁၃ ရက်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် စစ်ကော်မရှင်နှင့် AAပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲများပြင်းထန်နေပြီး စစ်ကော်မရှင်က စစ်ကူများကိုပို့ဆောင်နေကြောင်း သိရသည်။
ပုသိမ်- မုံရွာလမ်းပိုင်းနှင့် ဟင်္သာတဘက်မှနေ၍ စစ်ယာဉ်တန်း များဖြင့် အင်အား ၃၀၀ ခန့်ကို လေးမျက်နှာ စစ်မျက်နှာပြင်ကို ပို့ဆောင်ခဲ့ပြီး စစ်ယာဉ်တန်း ၁၄စီးခန့်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
”ကျောင်းကုန်းကို ဖြတ်သွားတာ ဝတ်စုံပြည့်နဲ့ စစ်ကားကြီး လေးစီးလောက်ရှိတယ်။ ဒီရက်ပိုင်း စစ်ကားတွေ အသွားအပြန်များနေတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၈ရက်နေ့က ကျုံပျော်မြို့ကိုဖြတ်ပြီး ဟင်္သာတ၊ တလုတ္ထော်ဘက်ကို စစ်ယာဉ်တန်းများဖြတ်သန်းသွားခဲ့ခြင်းဖြစ်ကာ လေးမျက်နှာကို အင်အားပို့ရန်ဖြစ်ကြောင်း သိရသည်။
ရေကြည် အမြောက်တပ် ၃၄၄မှနေ၍ စစ်ကော်မရှင် စစ်ကြောင်းများလည်းထွက်လာနေပြီး ပုသိမ်- မုံရွာလမ်းပိုင်းမှ ရေနံ့သာ လမ်းဆုံအတိုင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။
ယခု ရက်ပိုင်းအတွင်း စစ်ကော်မရှင်က တိုက်ပွဲဖြစ်ပွားရာနေရာများနှင့် နယ်မြေစိုးမိုးမှုမရှိသည့်နေရာများကို လူသစ် စစ်မှုထမ်းများ၏ အင်အားကိုယူ၍ စစ်ကူဆက်တိုက်ပို့နေခြင်းဖြစ်သည်။
လေးမျက်နှာနှင့် ဆက်စပ်သည့်ရေကြည်မြို့နယ်အတွင်းကိုလည်း စစ်ကြောင်းများဖြန့်၍ စစ်အင်အားပို့နေပြီး အဆိုပါစစ်ကြောင်းများကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ထားသည့်အတွက် အထိနာနေကြောင်း သိရသည်။