ဧရာဝတီတိုင်းမ်
ဧပြီ ၁၃ ရက်

အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံက မင်းအောင်လှိုင် သမ္မတအဖြစ် ရာထူးရယူလိုက်တာကို အသိအ မှတ်ပြုပြီး စစ်အုပ်စုကို တရားဝင်ဖြစ်စေမယ့် ဘယ်လိုလုပ်ရပ်မျိုးကိုမဆို ငြင်းပယ်ဖို့ အာဆီယံလွှတ်တော် အမတ်များအဖွဲ့ (APHR) က တိုက်တွန်းလိုက်ပါတယ်။

စစ်တပ်က ထိန်းချုပ်ထားတဲ့ ဟန်ပြလုပ်ငန်းစဉ်တွေကနေ ပေါ်ထွက်လာတဲ့ မင်းအောင်လှိုင်ရဲ့ အုပ်ချုပ်ရေးဟာ အခုရော နောင်မှာပါ ဒီမိုကရေစီဆီ ပြန်သွားမယ့် အလားအလာ လုံးဝမရှိဘူးလို့ APHR က ဆိုပါတယ်။

ဒါဟာ စစ်အာဏာရှင်စနစ်ကို အရပ်သားအုပ်ချုပ်ရေး အသွင်ဖန်တီးပြီး နာမည်ဖျက်ဖို့ ကြိုးစား တာသာဖြစ်ပြီး တကယ်တမ်းမှာ စစ်အုပ်စုဟာ ကိုယ့်ပြည်သူကိုယ် အကြမ်းဖက်မှုတွေ ဆက်လုပ်နေတုန်း ပဲလို့ APHR က ထောက်ပြပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်မဖော်နိုင်တဲ့ စစ်အုပ်စုနဲ့ ဆက်ပြီး ထိ တွေ့ဆက်ဆံနေတာဟာ စစ်တပ်ကို ပိုပြီး အတင့်ရဲလာစေရုံသာမက အာဆီယံရဲ့ ဂုဏ်သိက္ခာကိုပါ ကျ ဆင်းစေတယ်လို့ APHR က အလေးပေးပြောပါတယ်။

လေကြောင်းကနေ တိုက်ခိုက်တာ၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးတာတွေနဲ့ ဒီမိုကရေစီအင်အားစု တွေကို စနစ်တကျ ဖယ်ထုတ်ထားတာတွေကိုကြည့်ရင် စစ်အုပ်စုနဲ့ ဆက်ဆံနေလို့ တိုးတက်မှုတွေ ရလာ မယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ အနှစ်သာရမရှိဘူးဆိုတာ သိသာနေတယ်လို့ APHR က ဆိုပါတယ်။

အာဆီယံဥက္ကဋ္ဌအနေနဲ့ ဖိလစ်ပိုင်မှာ အာဆီယံရဲ့ မူဝါဒတွေကို ထိန်းသိမ်းဖို့နဲ့ ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ ပိုကြီးမားတဲ့ တာဝန်ရှိပြီး စစ်အုပ်စုကို တရားဝင် အစိုးရတစ်ရပ်လို ဆက်ဆံတာဟာ စစ်အာဏာ ရှင်စနစ်ကို ပုံမှန်လိုမျိုး ဖြစ်သွားစေနိုင်ပြီး မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ မျှော်လင့်ချက်တွေကို သစ္စာ ဖောက်ရာ ရောက်စေမယ်လို့ APHR က သတိပေးပါတယ်။

စစ်အုပ်စုကို တရားဝင်မှုပေးမယ့် ဆက်ဆံရေးမျိုးကို ငြင်းပယ်ပြီး ဖိလစ်ပိုင်အနေနဲ့ ချဉ်းကပ်ပုံကို ချက်ချင်း ပြန်ပြင်ဖို့ APHR က တောင်းဆိုထားပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)၊ အမျိုးသားညီညွတ် ရေးအစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ (EROs) နဲ့ အရပ်ဘက် အဖွဲ့အစည်းတွေလို ဒီမိုကရေစီ ကိုယ်စားလှယ်တွေကိုပဲ ဦးစားပေး ဆက်ဆံရမယ်လို့ APHR က ဆိုပါ တယ်။

အာဆီယံအနေနဲ့ လူသားချင်းစာနာမှု အကူအညီတွေနဲ့ နယ်စပ်ဖြတ်ကျော် အကူအညီတွေကို ပိုတိုးပြီး ပံ့ပိုးပေးရမှာ ဖြစ်သလို စစ်တပ်က ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာအောင် လက်တွေ့ကျတဲ့ လမ်းစတွေ ကို ဖော်ဆောင်ပေးရမယ်လို့ APHR က ထောက်ပြပါတယ်။

“မင်းအောင်လှိုင်ရဲ့ သမ္မတရာထူးကို တရားဝင်တယ်လို့ အသိအမှတ်မပြုသင့်ပါဘူး။ ဒေသတွင်း တုံ့ပြန်မှုတွေဟာ အပြစ်ပေးအရေးယူနိုင်မှုပေါ်မှာ အခြေခံရမှာဖြစ်သလို မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ပဲ ကိုက်ညီရပါမယ်။ ပြုပြင်ပြောင်းလဲရေး ခေါင်းစဉ်တပ်ပြီး အကြမ်းဖက်မှုတွေကို ဖုံးကွယ်ထားတဲ့ စစ်အုပ်စု ရဲ့ ပြောစကားတွေနောက်ကို မလိုက်သင့်ပါဘူး။ အဲဒီလိုမှမဟုတ်ရင် စစ်အုပ်စု ပြစ်ဒဏ်ကနေ ကင်းလွတ် နေတာတွေကို ပိုခိုင်မာစေပြီး အကျပ်အတည်းတွေကို ပိုရှည်ကြာစေပါလိမ့်မယ်” လို့ APHR က ပြောပါ တယ်။

ကိုးကား – APHR
Ref; APHR Urges the Philippines to Reject the Legitimization of Myanmar Junta