ဧရာဝတီတိုင်းမ်
ဧပြီ ၁၃ ရက်

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခနှင့် အကျပ်အတည်းများ အဆုံးသတ်စေရေးအတွက် အမေရိကန်ပြည်ထောင်စုက ဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း ယနေ့ကျရောက်သော မြန်မာ့ နှစ်သစ်ကူးသင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ထုတ်ပြန်သည်။

သင်္ကြန်၏အနှစ်သာရအတိုင်း ပိုမိုကောင်းမွန်သော မနက်ဖြန်များသို့ ရောက်ရှိနိုင်ရန်နှင့် မြန်မာ ပြည်သူများ ခွန်အားပြည့်ဝပြီး ကြံ့ကြံ့ခံနိုင်ရန်၊ လာမည့်နှစ်သစ်တွင် မျှော်လင့်ချက်အသစ်များ ရရှိနိုင်ပါ စေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆုမွန်ကောင်းတောင်းထားသည်။

မြန်မာပြည်သူများသည် ဆက်တိုက်ကြုံတွေ့နေရသည့် ဆင်းရဲဒုက္ခများကြားတွင် ရဲစွမ်းသတ္တိနှင့် ကြံ့ကြံ့ ခံနိုင်စွမ်းရှိမှုကို ထပ်တလဲလဲ ပြသခဲ့ကြပြီးဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သင်္ကြန်အခါသမယသည် ပြီးခဲ့သည်များကို ပြန်လည်သုံးသပ်ရန်နှင့် ရှေ့လာမည့် နှစ်သစ်ကို မျှော်ကြည့် ရန် အခွင့်အရေးတစ်ခုဖြစ်ကြောင်းလည်း ပါရှိသည်။

မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို ဆင်နွှဲနေကြသည့် မြန်မာပြည်သူပြည်သားများအားလုံးသို့ အမေရိကန်ပြည်ထောင်စုကိုယ်စား နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဆုမွန်ကောင်းတောင်းကာ အားပေးစကားပြောကြားကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

ဓာတ်ပုံ – မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး