‎ဧရာဝတီတိုင်းမ်
‎ဧပြီ ၁၂ရက်

ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေရှိ စစ်ကော်မရှင်၏ ရဲတပ်ရင်းနှစ်ခုနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အတွင်းကို အာရက္ခတပ်တော် (AA) က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

စစ်တွေမြို့တွင်းရှိ ရဲတပ်ရင်း (၁၂) နှင့် ရဲတပ်ရင်း (၃၆) တို့အပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ယာယီရုံးစိုက်ရာ ဒကစ အတွင်းကို ပြီးခဲ့သည့် ဧပြီ ၁၀ ရက်နေ့တွင် AA က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပေါက်ကွဲမှုများ ပြင်းထန်စွာ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


‎”ရဲတပ်ရင်းတွေထဲအထိ လက်နက်ကြီးကျည်တွေကျရောက်ပေါက်ကွဲတယ်။ စစ်တပ်ဘက်ကလည်း ပေါက်တောတို့ အမြင့်ကျွန်းအစပ်တို့ကိုပြန်ပစ်တယ်” ဟု စစ်တွေသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ် ကိုပြောသည်။

စစ်တွေကို စစ်ကော်မရှင်တပ်မှ စစ်တိုင်းမှူးကိုယ်တိုင် ဦးစီးနေသည်ဟု သတင်းများထွက် ပေါ်ပြီးနောက် AA က မြို့တွင်းရှိ စစ်ကော်မရှင်စခန်းများကိုပါ ခြိမ်းချောက်ပစ်ခတ်မှုများ ဆက်တိုက် ပြုလုပ်လာခြင်းဖြစ်ပြီး ‎ စစ်ကော်မရှင်ကလည်း ၎င်းတို့စစ်စခန်းများရှိရာ ကြွီတဲ၊ ကျားမသောက်နှင့် ပါဒလိတ်ဘက်မှနေ၍ ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့အစွန်ဘက်တို့ကို လက်နက်ကြီးများဖြင့် တန်ပြန်ပစ်ခတ်ခဲ့သည်။

 

လက်ရှိတွင် စစ်တွေရှိ ဆက်သွယ်ရေးတပ်ရင်းအတွင်း၌ တောင်ကုတ်၊ အမ်း၊ ဘူးသီးတောင်နှင့် ကျောက်တော်တို့မှ ဆုတ်ခွာလာသည့် တပ်ပျက်များကို စုစည်း၍ ခံစစ်ပြင်ထားသည့်အပြင် ဒကစနှင့် ခလရ (၂၀) အတွင်း ၌လည်း စစ်ကော်မရှင်က အင်အားဖြည့်တင်းထားသည်။

 

ထို့ပြင် မြို့၏ မြောက်ဘက်အစွန်ရှိ စစ်လက်နက်ပစ္စည်းတပ်ခွဲအတွင်းမှ ခဲယမ်း၊ ဗုံးသီးနှင့် ကျည်ဆံများကိုလည်း ဒကစ အနီးသို့ သယ်ယူရွှေ့ပြောင်းထားရကြောင်း သိရသည်။

 

ဓာတ်ပုံ-AA Info desk (ပုံဟောင်း)