ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာဝတီတိုင်းမ်၊ ဧပြီ ၁၂ ရက်)

နွေရာသီရဲ့ အပူရှိန်ဟာ အခုဆိုရင် အထွတ်အထိပ်ကို ရောက်ရှိနေပါပြီ။ ဒီလို အပူချိန်လွန်ကဲတဲ့အခါ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် အပြင်ထွက် အလုပ်လုပ်ရသူတွေ၊ ကလေး သူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ပိုပြီး သတိထားရမယ့် အချိန်ဖြစ်ပါတယ်။

ပြင်းထန်တဲ့ အပူရှိန်အောက်မှာ ကျွန်ုပ်တို့ ခန္ဓာကိုယ်ဟာ အသက်ရှင်နိုင်ဖို့အတွက် အံ့ဩဖွယ် တုံ့ပြန်မှုတွေကို စဉ်ဆက်မပြတ် လုပ်ဆောင်နေရပါတယ်။ ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန် (၉၈ ဒီဂရီဖာရင်ဟိုက်ဝန်းကျင်) ကို တည်မြဲနေအောင် ခန္ဓာကိုယ်က နည်းလမ်းများစွာသုံးပြီး အားစိုက်ထိန်းညှိ ပေးထားရတာဖြစ်ပါတယ်။

🟥အပူဒဏ်ကို ခန္ဓာကိုယ်က ဘယ်လိုတုံ့ပြန်သလဲ (Thermoregulation)

ခန္ဓာကိုယ်ထဲမှာ အပူချိန်တက်လာပြီဆိုတာနဲ့ Hypothalamus လို့ခေါ်တဲ့ ဦးနှောက်တွင်းက “အပူထိန်းချုပ် ဌာနချုပ်” ကနေ အပူဒဏ်ကို တုံ့ပြန်နိုင်ဖို့ ခန္ဓာကိုယ်အနှံ့ကအင်္ဂါအစိတ်ပိုင်းတွေကို ထိန်ချုပ်ညွှန်ကြားချက်တွေပေးပါတယ်။ အပူဒဏ်ကိုတုံ့ပြန်ဖို့ အဓိကနည်းလမ်း နှစ်သွယ်နဲ့ တုံ့ပြန်ပါတယ်။

၁- သွေးကြောများ ကျယ်လာခြင်း (Vasodilation)
ခန္ဓာကိုယ်အတွင်းပိုင်းက အပူတွေကို အပြင်ထုတ်ဖို့အတွက် အရေပြားမှာရှိတဲ့ သွေးကြောလေးတွေ ကျယ်လာပါတယ်။ သွေးနဲ့အတူသယ်လာတဲ့အပူရှိန်တွေက အရေပြားမှတဆင့် ခန္ဓာကိုယ်ပြင်ပကို ပျံ့နှံ့ထွက်သွားပါတယ်။ ဒါကြောင့် နွေပူတဲ့အခါ လူတွေရဲ့ မျက်နှာနဲ့ အရေပြားဟာ နီမြန်းလာတတ်တာ ဖြစ်ပါတယ်။

၂- ချွေးထွက်ခြင်း (Sweating)
ချွေးထွက်လိုက်တာက အပူတွေကို အထိရောက်ဆုံး ဖယ်ရှားနိုင်တဲ့ နည်းလမ်းပါ။ ချွေးဂလင်းတွေကနေ အရေပြားပေါ်ကို ချွေးရည်တွေ ထုတ်ပေးပြီး ချွေးရည်ငွေ့ပျံသွားတဲ့အခါ ခန္ဓာကိုယ်ကို အေးမြသွား ပါတယ်။

🟥ချွေး (Sweat) နဲ့ ဆုံးရှုံးသွားတဲ့ ဓာတ်များ

အရေပြားအောက်မှာရှိတဲ့ Eccrine အနံမဲ့ချွေးဂလင်း နဲ့ Apocrine အနံ့ရှိချွေးဂလင်း ဆိုတဲ့ ချွေးဂလင်း အမျိုးအစားနှစ်ခုကနေ ချွေးကို ထုတ်လုပ်ပါတယ်။

ချွေးရဲ့ ၉၉ ရာခိုင်းနှုန်းကျော်ဟာ ရေဖြစ်ပေမဲ့ ကျန်တဲ့ ၁ ရာခိုင်နှုန်းမှာတော့ ဆိုဒီယမ်၊ ကလိုရိုက် (ဆားဓာတ်) နဲ့ ပိုတက်စီယမ်တို့လို အရေးကြီးတဲ့ ဓာတ်သတ္တု (Electrolytes) တွေ ပါဝင်နေ ပါတယ်။ယူရီးယား (Urea)နဲ့ လက်တစ်အက်ဆစ် (Lactic Acid) တို့လည်း အနည်းငယ် ပါဝင်ပါတယ်။

ချွေးအလွန်အကျွံ ထွက်တဲ့အခါ ရေဓာတ်တင်မကဘဲ ဒီဓာတ်ဆားဓာတ်တွေပါ ဆုံးရှုံးသွားပါ တယ်။ချွေးအလွန် အကျွံထွက်ပြီး “ရေ” ဆုံးရှုံးမှုက အများဆုံးဖြစ်ပြီး သွေးပမာဏ (Blood Volume) ကို လျော့နည်းစေပါတယ်။

ဆားဓာတ် (Sodium Chloride) တွေ လျော့နည်းသွားရင် ကြွက်တက်တာ၊ နုံးချည့်တာတွေ ဖြစ်လာပါတယ်။နှလုံးခုန်နှုန်းမှန်စေဖို့နဲ့ ကြွက်သားလုပ်ဆောင်ချက်အတွက် ပိုတက်စီယမ် (Potassium) ဓာတ်က အရေးကြီးတာကြောင့် လျော့နည်းသွားရင် မောလွယ်တာ နုံးချိ အားနည်းတာ‌တွေ ဖြစ်တတ်ပါတယ်။

🟥လိုအပ်တဲ့အရည်ပြန်ဖြည့်ခြင်းကုသမှု (Rehydration)

အပူဒဏ်ကြောင့် ဆုံးရှုံးသွားတာတွေကို ပြန်ဖြည့်ဖို့အတွက် ရေတစ်မျိုးတည်း သောက်တာထက် ပိုထိရောက်တဲ့နည်းလမ်းတွေရှိပါတယ်။

ဓာတ်ဆားထုပ် (Oral Rehydration Solutions-ORS) တွေဟာ ရေနဲ့ ဆားဓာတ်ကို အချိုးကျ ပေါင်းစပ်ထားတာကြောင့် ကိုယ်တွင်းအရည်ဓါတ်ကို အကောင်းဆုံး ပြန်ဖြည့်ပေးနိုင်ပါတယ်။

သဘာဝအသီးဖျော်ရည်‌တွေ အုန်းစိမ်းရည်‌တွေမှာ ပိုတက်စီယမ်ဓာတ် ကြွယ်ဝတာကြောင့် နွေရာသီအတွက် သင့်တော်ပါတယ်။

ဆားပါတဲ့ အစားအသောက်တွေက ချွေးအလွန်ထွက်ထားချိန်မှာက ဆိုဒီယမ်ဓာတ်ကို ပြန်ဖြည့်ပေးနိုင်ပါတယ်။

🟥အထူးသတိပြုရန် (Warning)

အကယ်၍ ခန္ဓာကိုယ်က အပူဒဏ်ကို မခံနိုင်တော့ဘဲ ချွေးထွက်တာ ရပ်သွားမယ်၊ လူက ဂယောင်ဂတမ်း ဖြစ်လာမယ် ဆိုရင် ဒါဟာ အပူလျှပ်ခြင်း (Heat Stroke) ရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ ဒါဟာ အရေးပေါ်အခြေအနေ ဖြစ်လို့ ချက်ချင်း ဆေးကုသမှု ခံယူရပါမယ်။

နွေပူပူမှာ ချွေးထွက်တာဟာ ကျွန်တော်တို့ခန္ဓာကိုယ်ကအပူဒဏ်ကနေ ကာကွယ်ပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်ကို အချိန်မီ ပြန်ဖြည့်တင်းဖို့ မမေ့ပါနဲ့။

🟥နွေရာသီအတွက်အကြံပေးချက်

နေ့ခင်းနေ့လယ် ပူအိုက်ချိန်တွင် အရိပ်ရသောနေရာမှာ အနားယူနေထိုင်ပါ။ အေးမြပြီး လေဝင် လေထွက်ကောင်းတဲ့ အဆောက်အအုံ ဒါမှမဟုတ် သစ်ပင်ရိပ်အောက်မှာ နားခိုနေထိုင်ပါ။ အရောင်ဖျော့‌ဖျော့ ပွပွချောင်ချောင် ချည်သားအဝတ်အစားတွေကို ရွေးချယ်ဝတ်ဆင်ပါ။

ခန္ဓာကိုယ်အပူချိန် မြင့်မားချိန်မှာ ရေအေးအေးဖြင့် ခန္ဓာကိုယ်ကို ရေပတ်တိုက်ပေးပါ။ ဂျိုင်းကြား၊ ပေါင်ခြံနှင့် လည်ပင်းတို့တွင် ရေအေးဝတ် ကပ်ပေးခြင်းက အပူချိန်ကို အလျင်အမြန်ကျဆင်း စေပါတယ်။ သို့သော်လည်း ရေခဲရေ တိုက်ရိုက်လောင်းချခြင်းမျိုးကိုတော့ ရှောင်ရပါမယ်။

ရေနှင့် ဓာတ်ဆားရည် သစ်သီးဖျော်ရည် တိုက်ပါ။ရေများများသောက်ပါ။ရေငတ်သည်ဖြစ်စေ၊ မငတ်သည်ဖြစ်စေ တစ်နေ့ကို အနည်းဆုံး ရေ ၃ လီတာခန့် သောက်ပေးပါ။ နေအပူဆုံးအချိန်မှာ အပြင်ထွက်ခြင်းကိုရှောင်ပါ။ မွန်းတည့် ၁၁ နာရီမှ ညနေ ၄ နာရီအတွင်း အပြင်ထွက်ခြင်းနှင့် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

အပြင်ထွက်ပါက ထီး၊ ဦးထုပ် ဆောင်းပါ။ နေကာမျက်မှန် တပ်ပါ။ နေရောင်ခြည်ကို အကာအကွယ်သေချာလုပ်ပါ။ အပူဒဏ်ကို ပိုဆိုးစေသည့် အရက်သေစာနှင့် ကဖင်းဓာတ် (ကော်ဖီ) အလွန်အကျွံ သောက်ခြင်းကို ရှောင် ကြဉ်ပါ။

နွေရာသီရဲ့ အပူရှိန်မှာ မိမိကိုယ်မိမိ ဂရုစိုက်ခြင်းဟာ အကောင်းဆုံးသော ကုသမှုပါပဲ။ ဧရာဝတီတိုင်းမ် ပရိသတ်များအားလုံး နွေအပူကို ဘေးကင်းစွာ ကျော်ဖြတ်နိုင်ကြပါစေ။

နောက်တစ်ပတ်မှာတော့ လည်ချောင်းနာခြင်း ကျန်းမာရေးပြဿနာအကြောင်းကိုဖော်ပြသွားမှာ ဖြစ်တာ ကြောင့် စောင့်မျှော်အားပေးကြပါဦးခင်ဗျာ။

#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ကျန်းမာရေးဆောင်းပါး #နွေရာသီအပူရှိန်နှင့်ချွေးထွက်ခြင်း #Ayeyarwaddy_Times