ဧရာဝတီတိုင်းမ်
ဧပြီ ၁၂ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ စစ်ကော်မရှင်၏ အဓိကခြေကုပ်စခန်းဖြစ်သော ဖားကန့်ဗျူဟာ ကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။
ဖားကန့်တပ်မကုန်းဟု လူသိများသည့် အဆိုပါ ဗျူဟာကုန်းကို ယမန်နေ့ ဧပြီ ၁၁ ရက်၊ မွန်းလွဲ ၂ နာရီခန့်တွင် KIA က ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဗျူဟာကုန်းအတွင်း ပေါက်ကွဲသံများ ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“ဗျူဟာကုန်းထဲက လေးယောက်လောက် ထိခိုက်တယ်လို့ ကြားရတယ်။ ဘာတွေ ပျက်စီးသွားလဲတော့ အတိအကျမသိရသေးဘူး။ လေကြောင်းကနေ ညနေအထိ ၃ ကြိမ်လောက် လာဗုံးကြဲတာဆိုတော့ သူတို့ဘက်က တော်တော်နာသွားပုံပဲ” ဟု ဖားကန့်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဗျူဟာကုန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကော်မရှင်သည် အမှိုက်ပုံရွာနှင့် မရှီကထောင် ဆုတောင်းကုန်း ဘက်သို့ နေ့လယ်ပိုင်းမှ ညနေ ၄ နာရီအထိ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့သည်။
မရှီကထောင် ဆုတောင်းကုန်းဘက်တွင် နံနက်ပိုင်းမှစတင်ကာ လက်နက်ကြီး၊ လက်နက်ငယ်သံများနှင့် ဒရုန်းဗုံးပေါက်ကွဲသံများ ကြားနေရပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။
ဖားကန့်ဗျူဟာကုန်းကို KIA က ပြီးခဲ့သည့် ဧပြီ ၃ ရက်နေ့တွင်လည်း ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သဖြင့် ပျက်စီးမှုများ ရှိခဲ့ဖူးသည်။ လက်ရှိတွင် ရှေ့တန်းကာကင်းစခန်းများပါ လက်လွှတ်နေရသည့်အတွက် စစ်ကော်မရှင်က ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်အင်အားဖြန့်ခွဲ ပို့ဆောင်နေသဖြင့် စစ်ရေး ပိုမိုတင်းမာလျက်ရှိသည်။