‎‎ဧရာဝတီတိုင်းမ်
‎ဧပြီ ၁၁ ရက်

‎‎စစ်ကိုင်းတိုင်းအတွင်း နယ်မြေစိုးမိုးမှုပြန်ယူလိုနေသည့် စစ်ကော်မရှင်က ကန့်ဘလူနယ်ရှိ တင့်ကားတပ်ရင်းအတွင်းကို စစ်ကူနှင့် ခဲယမ်း၊ ရိက္ခာ အလွန်အကျွံဖြည့်တင်းလာကြောင်း သိရသည်။

‎မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် တံတားဦးမှတက်လာသည့် MI17ရဟတ်ယာဉ်သုံးစင်းတို့ဖြင့် တင့်ကားတပ်ရင်း ၆၀၀၆အတွင်းကို လူအင်အား၊ ခဲယမ်း၊ ရိက္ခာတို့ကို ပြီးခဲ့သည့် ဧပြီ ၈ရက်နေ့က ၁၁ကြိမ်ထိ အဆင်းအတက်လုပ်၍ ပို့ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

‎”မနေ့ကအထိကို တံတားဦးနဲ့ နမခကတက်လာတဲ့ ရဟတ်ယာဉ်တွေ အတက်အဆင်းရှိတယ်။ ရှေ့ရက်ဆက်တိုက်မှာ စစ်ကိုင်း တပ်မ ၃၃ကတက်လာတဲ့ ရဟတ်ယာဉ်တွေ ဆင်းတယ်။ တတက ၁၃မှာ လူအင်အားတင်လာပြီး လာဖြည့်တယ်လို့ သိရတယ်။ နမခထဲက ခဲယမ်းတွေလည်း လာပို့တာ” ဟု စစ်ကိုင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎‎နမခမှ MI17တစ်စီးနှင့် တံတားဦးမှ MI17နှစ်စီးတို့ဖြင့် သပိတ်ကျင်း၊တွင်းငယ် တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း တတက ၁၃အတွင်းဝင်ရောက်ပြီး ထိုမှတဆင့် တင့်ကားတပ်ရင်းအတွင်း ဆင်းသက်ခဲ့ခြင်းဖြစ်သည်။

‎ဧပြီ ၉ရက်နေ့ကလည်း MI 17နှစ်စီးဖြင့် တင့်ကားတပ်ရင်းအတွင်း သုံးကြိမ်ခန့် အတက်အဆင်းရှိခဲ့ပြီး လူအင်အားပို့ခဲ့သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

‎​၆၀၀၆ တင့်ကားတပ်ရင်းသည် သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (သကစ) လက်အောက်ခံဖြစ်ပြီး နယ်မြေလုံခြုံရေးနှင့် စစ်ရေးလှုပ်ရှားမှုများတွင် အဓိကပါဝင်လေ့ရှိသော တပ်ရင်းတစ်ခုဖြစ်သည်။

‎‎ကောလင်းမြို့နယ်ကို စစ်ကော်မရှင်က ပြန်လည်သိမ်းယူစဉ်ကလည်း ဝန်းသိုတပ်ရင်းများနှင့် ကန့်ဘလူ ၆၀၀၆မှ ‌ရဟတ်ယာဉ်ဖြင့် အဓိကထောက်ပို့ခဲ့သည်။

‎‎ကန့်ဘလူတပ်ရင်းအတွင်းကို စစ်ကူအင်အား ၃၀၀ခန့်ရောက်ရှိနေပြီဟု ခန့်မှန်းရပြီး ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်တလျောက်ကို စစ်ကော်မရှင်က စစ်ရေးဖြန့်ကျက်နှောင့်ယှက်ရန် ရည်ရွယ်လျက်ရှိကြောင်း သိရသည်။