ဧရာဝတီတိုင်းမ်
ဧပြီ ၁၁ ရက်
အာတီးမစ် ၂ (Artemis II) မစ်ရှင်ဖြင့် လကမ္ဘာပတ်လမ်းသို့သွားရောက်ခဲ့ကြသည့် အာကာသယာဉ်မှူးလေးဦးသည် ၁၀ ရက်ကြာ ခရီးစဉ်ကို အောင်မြင်စွာ အဆုံးသတ်ပြီး ယနေ့ ကမ္ဘာမြေသို့ ဘေးကင်းလုံခြုံစွာ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း The News York Times တွင် ဖော်ပြထားသည်။
အာကာသယာဉ်မှူးများစီးနင်းလာသော အိုရိုင်ယွန် (Orion) အာကာသယာဉ်သည် သောကြာနေ့ညပိုင်းတွင် ဆန်ဒီယေဂိုမြို့အနီးရှိ ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ခြင်းဖြစ်သည်။

အဖွဲ့ခေါင်းဆောင် ရီဒ်ဝိုက်စ်မန်းက အာကာသယာဉ်မှူးအားလုံး ကျန်းမာရေးကောင်းမွန်ကြောင်း မြေပြင်ထိန်းချုပ်ရေးစခန်းသို့ အစီရင်ခံခဲ့ပြီးနောက် ၎င်းတို့ကို ရဟတ်ယာဉ်များဖြင့် U.S.S. John P. Murtha သင်္ဘောပေါ်သို့ ပို့ဆောင်ခဲ့သည်။
အာကာသယာဉ်မှူးလေးဦးသည် ယာဉ်အတွင်းမှ ထွက်ခွာလာပြီးနောက် အခြားသူများ၏ အကူအညီမပါဘဲ ကိုယ်တိုင်လမ်းလျှောက်နိုင်သည့် ကျန်းမာရေးအခြေအနေတွင်ရှိနေကြကြောင်း သိရသည်။
အဆိုပါအာကာသယာဉ်မှုးတို့သည် လ၏တစ်ဖက်ခြမ်းရှိ လူသားများ တစ်ခါမှ မမြင်ဖူးသေးသော နေရာများကို လေ့လာခွင့်ရခဲ့သည့်အပြင် ၅၃ မိနစ်ကြာ နေကြတ်မှု ဖြစ်စဉ်ကိုလည်း ထူးခြားစွာ မြင်တွေ့ခဲ့ရကြောင်း ဖော်ပြထားသည်။

ယင်းခရီးစဉ်အတွင်း ဆက်သွယ်ရေးနှင့် အိမ်သာပိုင်းဆိုင်ရာ အခက်အခဲအချို့ ကြုံတွေ့ခဲ့ရသော်လည်း အိုရိုင်ယွန်အာကာသယာဉ်၏ အဓိက အသက်ကယ်စနစ်နှင့် တွန်းကန်အားစနစ်များမှာ ကောင်းမွန်စွာ အလုပ်လုပ်ကြောင်း အောင်မြင်စွာ သက်သေပြနိုင်ခဲ့သည်။
အဆိုပါသမိုင်းဝင်ခရီးစဉ်အတွင်း ဗစ်တာဂလိုဗာသည် လကမ္ဘာသို့သွားသည့် ပထမဆုံးလူမည်းအမျိုးသား၊ ခရစ္စတီးနားကွတ်ချ်သည် ပထမဆုံးအမျိုးသမီးနှင့် ဂျယ်ရမီဟန်ဆန်သည် ပထမဆုံးကနေဒါနိုင်ငံသားအဖြစ် အသီးသီး မှတ်တမ်းဝင်ခဲ့ကြသည်။
ယခု အာတီးမစ် ၂ မစ်ရှင် အောင်မြင်မှုသည် နောက်ထပ်ခြေလှမ်းဖြစ်သော လကမ္ဘာပေါ်သို့ လူသားများ တိုက်ရိုက်ဆင်းသက်မည့် အာတီးမစ် ၃ မစ်ရှင်အတွက် ခိုင်မာသော လမ်းခင်းပေးမှုလည်း ဖြစ်ကြောင်းဖော်ပြထားသည်။
လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က အပိုလိုစီမံကိန်းများအပြီး လူသားများကို လကမ္ဘာပတ်လမ်းသို့ ပထမဆုံးအကြိမ် ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့သည့် သမိုင်းဝင်မစ်ရှင်တစ်ခုဖြစ်သည်။
အာကာသယာဉ်မှူးများသည် ကမ္ဘာမြေမှ မိုင်ပေါင်း ၂၅၂,၇၅၆ အထိ ရောက်ရှိခဲ့ကြသဖြင့် ၁၉၇၀ ပြည့်နှစ်က Apollo 13 မစ်ရှင်တင်ခဲ့သည့် အဝေးဆုံးခရီးစဉ်စံချိန်ကိုပင် ကျော်ဖြတ်နိုင်ခဲ့သည်။
ဓာတ်ပုံ – NASA
Reference – The News York Times,
NASA Says Artemis II Astronauts Are ‘Happy and Healthy’ After Splashdown