ဧရာဝတီတိုင်းမ်
ဧပြီ ၁၁ ရက်
ရခိုင်ပြည်နယ်တစ်ခုလုံးကို သိမ်းယူရန် သုံးမြို့နယ်သာကျန်ရှိတော့ချိန်တွင် လက်ကျန်အဆုံးအဖြတ်တိုက်ပွဲများကို ၂၀၂၇နှစ်မကုန်ခင် လက်စသတ်အောင်ပွဲခံသွားမည်ဖြစ်ကြောင်း AAတပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ထုတ်ဖော်ပြောဆိုလိုက်သည်။
AAသိမ်းယူရန် ကျန်ရှိနေသည့် ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင် သုံးမြို့မှာလည်း ကျောက်ဖြူတွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကော်မရှင်အင်အားပြုန်းတီးနေကာ မြို့တော်စစ်တွေမှာလည်း အရပ်လေးမျက်နှာကို AAကပိတ်ဆို့ထားသည့်အခြေအနေဖြစ်သည်။
ထိုသို့ နည်းပညာနှင့် လက်နက်အင်အားသာလွန်နေသည့် စစ်ကော်မရှင်က AA၏သတ္တိ၊ ခွန်အား၊ စိတ်ဓာတ်၊ နည်းပရိယာယ်၊ ဉာဏ်ပညာကိုမယှဉ်နိုင်ဘဲ လေကြောင်းမှ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိသည်ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် ပြည်သူတိုင်းအတွက်တရားမျှတမှုရရှိရေးကို မရေရာသော နိုင်ငံတကာတရားရေးများထက် ပိုမိုလက်တွေ့ကျသော ကိုယ့်ခွန်ကိုယ့်အားနှင့်ပြင်းပြင်းထန်ထန်လုပ်ဆောင်သွားမည်ဟု AA၏ ၁၇နှစ်ပြည့်တပ်တော်နေ့ သဝဏ်လွှာတွင် ထည့်သွင်းပြောထားသည်။
လက်ကျန်အဆုံးအဖြတ်တိုက်ပွဲများကို လက်စသိမ်းအောင်ပွဲခံသွားမည်ဖြစ်ပြီး မိုးဆုံးမြေဆုံးချီတက်တိုက်ခိုက်သွားမည်ဖြစ်ကာ ပေးဆပ်ထားမှုများ အလဟဿအဖြစ်မခံဘဲ အပြတ်သားဆုံးတိုက်ပွဲဝင်ကြဖို့ ညွှန်ကြားခဲ့သည်။
AAအနေဖြင့် ရခိုင်ပြည်နယ်အတွင်းသာမက ရခိုင်ပြည်နယ်ပြင်ပရှိ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းအတွင်းကိုပါ တိုက်ပွဲဖော်ဆောင်ထားသည်။
မကွေးတိုင်းအတွင်းရှိ နတ်ရေကန်ဗျူဟာမှာလည်း မရဏနွံအိုင်ဟု စစ်ကော်မရှင်တပ်သားများက အမည်ပေးရသည်အထိ ထွက်လာသမျှစစ်ကြောင်းတိုင်း တပ်ပျက်ထွက်ပြေးနေရသည်။ ပဲခူးတိုင်းအတွင်း ပန်းတောင်းတပ်နယ်မှာလည်း ကပစ ၁၆အနီးထိ AAကချဉ်းကပ်ထားသည်။