ဧရာဝတီတိုင်းမ်
ဧပြီ ၁၁ ရက်
မြန်မာ့နှစ်သစ်ကူးသင်္ကြန် ရုံးပိတ်ရှည်ကာလအတွင်း နေရပ်ဇာတိပြန်သူများနှင့် ခရီးဝေးထွက်ခွာသူ များပြားလာသော်လည်း ရန်ကုန်-မန္တလေး အမြန်လမ်း ၁၁၅ မိုင်တွင် စက်သုံးဆီဖြည့်ရန် ကားတန်း ရှည်ကြီးများဖြင့် နာရီပေါင်းများစွာ စောင့်ဆိုင်းနေရကြောင်း သိရသည်။
ဖြူးမြို့နယ်၊ ၁၁၅ မိုင်ရှိ စက်သုံးဆီဆိုင်များအနက် Max Myanmar ဆီဆိုင်မှာ ပိတ်ထားပြီး Denko ဆီဆိုင်တွင်သာ ဆီရရှိသဖြင့် ဆီဖြည့်ရန် စောင့်ဆိုင်းနေသည့် မော်တော်ယာဉ် ရာနှင့်ချီရှိနေကာ အဆိုပါယာဉ်တန်းထဲတွင် ရန်ကုန်လိုင်စင် (မ) ဂဏန်း မော်တော်ယာဉ် အများစုကို တွေ့ရှိရသည်။
“ရန်ကုန်မှာ နီလာရိုးမဆီဆိုင်က ဆီမရောင်းတာ ၃ ရက်ရှိပြီ။ Max ကတော့ ရသေးတယ်။ Denko က အများဆုံး ပေးတာပဲ။ အခု အမြန်လမ်း ၁၁၅ မိုင်မှာလည်း Denko တစ်ဆိုင်ပဲ ဆီပေးနိုင်တော့တာ” ဟု ကိုယ်ပိုင်ယာဉ်မောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စက်သုံးဆီ အကျပ်အတည်းမှာ တစ်လကျော်ကြာ ဖြစ်ပေါ်နေပြီး ဆီဈေးနှုန်းမှာလည်း တစ်ပတ်လျှင် နှစ်ကြိမ်ခန့် မြင့်တက်နေသည်။
ရန်ကုန်-မန္တလေး ခရီးစဉ်တစ်ခုအတွက် ယခင်က စက်သုံးဆီတစ်လီတာ ၃,၀၀၀ ကျပ်ဝန်းကျင်တွင် ကုန်ကျ စရိတ် ၂ သိန်းခန့်သာ ရှိသော်လည်း၊ ယခု တစ်လီတာ ၅,၀၀၀ ကျပ်ဝန်းကျင်တွင် ၄ သိန်းကျော်အထိ ကုန်ကျ စရိတ် နှစ်ဆ မြင့်တက်သွားကြောင်း ခရီးသွားများထံမှ သိရသည်။
” ရန်ကုန်ကနေ ခရီးဝေးတစ်ခုသွားမယ်ဆို အရင်ဆီဈေး တစ်လီတာ ၃၀၀၀ လောက်မှာ နှစ်သိန်းလောက်ကုန်ရင် အခုတစ်လီတာ ၅၀၀၀ ဈေးမှာ လေးသိန်းကျော်လောက်ရှိသွားပြီ။ ကုန်ကျစရိတ် တွေမြင့်သွားတယ် ” ရန်ကုန် – မန္တလေးသွားသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ ဧပြီ ၁၀ ရက် (သောကြာနေ့) တွင် ထုတ်ပြန်သည့် စက်သုံးဆီ ရည်ညွှန်းဈေးအရ ရန်ကုန်သတ်မှတ်ဈေးသည် ယခင်ရက်များထက် ၁၀၀ ကျပ်မှ ၁,၀၀၀ ကျပ်နီးပါးအထိ မြင့်တက် သွားသည်။
ယနေ့ အမြန်လမ်းရှိ ဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာလျှင် ၄,၇၃၅ ကျပ် (၁၁၀ ကျပ်တက်)၊ ၉၅ တစ်လီတာလျှင် ၄,၉၄၅ ကျပ် (၁၆၅ ကျပ်တက်)၊ ပရီမီယံဒီဇယ် ၇,၇၅၅ ကျပ် (၉၅၀ ကျပ်တက်) နှင့် ဒီဇယ် ၆,၄၈၅ ကျပ် (၈၀၅ ကျပ်တက်) အထိ အဆင့်ဆင့် မြင့်တက်လာခြင်းဖြစ်သည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်