နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၁၁ ရက်
အာဏာသိမ်းပြီးနောက် လေကြောင်းတိုက်ခိုက်မှုများကို စီမံခန့်ခွဲရာတွင် အဓိကပါဝင်သည့် ယခင်စစ်အာဏာရှင် ဒုစစ်ခေါင်းဆောင်၊ ဒုတပ်ချုပ်ဟောင်း ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး၏ တူဖြစ်သူအား ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ခန့်အပ်လိုက်ကြောင်း သိရသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးတုလွှတ်တော်မှတဆင့် သမ္မတနေရာ ရယူပြီးနောက် အမည်ခံ ကျမ်းသစ္စာ ကျိန်ဆိုပွဲ ပြုလုပ်ရာ ယမန်နေ့ ဧပြီ ၁၀ ရက်တွင် တပ်ဘက်မှ ပြောင်းရွှေ့ထားသော ဒုဗိုလ်ချုပ်ကြီးဟောင်း မျိုးမိုးအောင်ကို ထိုသို့ခန့်အပ်ခဲ့ကြောင်း ထုတ်ပြန်လာသည်။
ဒုဗိုလ်ချုပ်ကြီးဟောင်း မျိုးမိုးအောင်သည် စစ်တက္ကသိုလ် အပတ်စဉ် (၃၂) ကျောင်းဆင်းဖြစ်ပြီး ဒုဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး၏ တူဖြစ်သလို စစ်လက်ရုံးတပ်ဖြစ်သည့်လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ) အရာရှိချုပ်လည်းဖြစ်ကြောင်း CDM အသိုင်းအဝိုင်းထံက သိရသည်။
ထို့အပြင် စစ်မျိုးရိုးကြောင့် တပ်တွင်း၌ အရှိန်အဝါကြီးပြီး စစ်ခေါင်းဆောင်၏ လူယုံတော်လည်းဖြစ်ကာ ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) နှင့် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ)တိုင်းမှူး၊ ယင်းမှတဆင့် (လစခ) အရာရှိချုပ် ဖြစ်လာခြင်းဖြစ်သည်။
အဆိုပါ စစ်လက်ရုံးတပ်ဖြစ်သည့် လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ) သည် စစ်အုပ်စုအတွက် အရေးလှပါပြီး ၎င်းတို့နှင့် ထိတွေ့ဆက်ဆံနေသော ရုရှား၊ ဘယ်လာရုစ် နိုင်ငံထံမှ စစ်လက်နက်ပစ္စည်း ဝယ်ယူမှုနှင့် ပညာတော်သင် စေလွှတ်မှုတို့ကို လုပ်ပေးရကြောင်း သိရသည်။
ယင်းအပြင် အာဏာသိမ်းမှုကြောင့် ခုခံတော်လှန်မှုများ အားကောင်းလာသော နယ်မြေ၊ ဒေသများနှင့် အရပ်သားများကို ပစ်မှတ်ထား၍ လေကြောင်းစစ်ဆင်ရေးများ တိုးမြှင့်ပုံဖော် တိုက်ခိုက်ရာတွင် စီမံခန့်ခွဲရသည့် အဓိကအခန်းကဏ္ဍ၌ “လစခ” လည်း ပါဝင်ကာ စစ်ခေါင်းဆောင်၏ ယုံကြည်မှုအား ပိုမိုရရှိစေခဲ့သည်။
ထို့နောက် စစ်ခေါင်းဆောင်က ၎င်းစီစဉ်ထားသည့်အတိုင်း စစ်အစိုးရ၏ ဒုသမ္မ၊ သမ္မတအဖြစ် ဖန်တီးလာမှုနှင့်အတူ လူယုံတော်များကို နေရာပေးရာ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဒုဗိုလ်ချုပ်ကြီးဟောင်း မျိုးမိုးအောင်ကို ခန့်အပ်ခြင်းဖြစ်သည်။
ယင်းသို့ ခန့်အပ်သွားရန် ၎င်းအား ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီအတွင်း၌ တပ်ဘက်မှ အရပ်ဘက် (နိုင်ငံခြားရေးဝန်ကြီးဌာန) သို့ ပြောင်းရွှေထားခြင်းဖြစ်ပြီး ရုရှားနှင့် ကာဇက်စတန်နိုင်ငံဆိုင်ရာ ပူးတွဲသံအမတ်ကြီးဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း သစ်လင်းအုန်းနှင့် အစားထိုးပြောင်းလဲ နေရာပေးလိုက်ကြောင်း သိရသည်။
ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဒုဗိုလ်ချုပ်ကြီးဟောင်း မျိုးမိုးအောင်ကို နေရာပေးခြင်းမှာ နှစ်နိုင်ငံ သံတမန်ရေးရာ ဆက်ဆံမှုများ ပိုမိုခိုင်မာလာစေရန်အပြင် လေကြောင်းကာကွယ်ရေးစနစ်၊ လေယာဉ်နှင့် စစ်လက်နက်ပစ္စည်းများ ဝယ်ယူမှုတို့အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း အကဲခတ်များက ဆိုသည်။
ဓာတ်ပုံ-MOI