ဧရာဝတီတိုင်းမ်
ဧပြီ ၁၁ ရက်

အီရန်နဲ့ဖြစ်ပွားနေတဲ့ အစ္စရေး-အမေရိကန် စစ်ပွဲမှာ မဟာမိတ်တွေဘက်က အပြည့်အဝ ဝိုင်းမကူ ဘူးဆိုတဲ့ အမေရိကန်ရဲ့ ဝေဖန်မှုကို နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မာ့ခ်ရုတေးက ပြန်လည်တုံ့ပြန်လိုက် ပါတယ်။

“နေတိုးအဖွဲ့ဆိုတာ တစ်ဖက်သတ် အကျိုးအမြတ်ယူတဲ့လမ်းမျိုး မဟုတ်ဘူး” လို့ ဝါရှင်တန်မှာရှိ တဲ့ ရေဂင်အင်စတီကျုမှာပြောတဲ့ မိန့်ခွန်းမှာ ၎င်းက ထည့်သွင်းပြောခဲ့ပါတယ်။

ဒါဟာ အမေရိကန် နိုင်ငံ ခြားရေးဝန်ကြီး မာကိုရူဘီယိုရဲ့ ဝေဖန်ချက်ကိုပြန်လည် ချေပလိုက်တာ ဖြစ်ပါတယ်။

“အာဖဂန်နစ္စတန် စစ်ပွဲတုန်းက အမေရိကန်၊ ဥရောပနဲ့ ကနေဒါ တပ်ဖွဲ့ဝင်တွေ ပုခုံးချင်းယှဉ်ပြီး တိုက်ပွဲဝင်ခဲ့ကြတာ၊ အသက်ပေးခဲ့ကြတာတွေဟာ တစ်ဖက်သတ် အကျိုးခံစားခွင့်အတွက် လုပ်ခဲ့ကြတာ မဟုတ်ဘူး” လို့ သူက ထောက်ပြခဲ့ပါတယ်။

အီရန်နဲ့ စစ်ဖြစ်နေချိန်မှာ ဟော်မုဇ်ရေလက်ကြား လုံခြုံရေးအတွက် မကူညီတာ၊ အခြေစိုက်စခန်း တွေ အသုံးပြုခွင့် ကန့်သတ်တာတွေနဲ့ ပတ်သက်ပြီး သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အမေရိကန် အစိုးရအဖွဲ့က နေတိုးနိုင်ငံတွေကို ဝေဖန်ခဲ့ကြပါတယ်။

ဒီအခြေအနေကြောင့် တင်းမာမှုတွေ ဖြစ်နေပြီး ဒေါ်နယ်ထရမ့်က နေတိုးမဟာမိတ်အဖွဲ့ကနေ နုတ်ထွက်မယ်လို့တောင် ခြိမ်းခြောက်ထားတာပါ။

“မဟာမိတ်နိုင်ငံတွေဟာ အမေရိကန်က တောင်းဆိုသမျှကို အကုန်လုပ်ပေးနေပါတယ်။ သူတို့ တွေဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တောင်းဆိုချက်တွေကို နားထောင်ပြီး တုံ့ပြန်ဆောင်ရွက်နေကြပြီ” လို့ မာခ့်ရုတေးက ပြောပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံအများစုဟာ အမေရိကန်ရဲ့ စစ်ဆင်ရေးတွေအတွက် လိုအပ်တဲ့ ထောက်ပံ့ပို့ဆောင်ရေးနဲ့ အခြေစိုက်စခန်း အသုံးပြုခွင့်တွေကို ကူညီပေးနေပြီလို့ သူက ဆိုပါတယ်။

“ဥရောပတလွှားမှာရှိတဲ့ မဟာမိတ်တွေဟာ အင်အားတောင့်တင်းတဲ့ အမေရိကန်စစ်တပ်က အီရန်ကို နျူကလီးယားလက်နက် မပိုင်ဆိုင်အောင် ဟန့်တားတဲ့နေရာမှာ အောင်မြင်မှုရဖို့အတွက် လိုအပ်တာတွေ ဝိုင်းဝန်းကူညီပေးနေကြတာကို ကျွန်တော် မြင်နေရပါတယ်” လို့ သူက ဆက်ပြောပါတယ်။

ဥရောပနဲ့ နေတိုး ပိုပြီး အင်အားတောင့်တင်းလာတာဟာ အမေရိကန်ရဲ့ ဦးဆောင်မှုကို အလကားရတယ်လို့ သဘောထားပြီး အားကိုးနေမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

ဒီစကားတွေကို မာ့ခ်ရုတေးက အိမ်ဖြူတော်မှာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံပြီး နောက်တစ် ရက်မှာ ပြောခဲ့တာဖြစ်ပြီး ဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံခဲ့တာဟာ ပွင့်လင်းရိုးသားမှုရှိတဲ့ တွေ့ဆုံမှု ဖြစ်တယ် လို့ သူက ပြောပါတယ်။

ကိုးကား – Anadolu
Ref; NATO chief backs allies, says bloc ‘not a one-way street’ amid US criticism