ဧရာဝတီတိုင်းမ်
ဧပြီ ၁၁ ရက်

 

ထိုင်းနိုင်ငံတွင် ယနေ့ ဧပြီ ၁၁ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပမည့် ဆုန်ခရန်ပွဲတော်အတွင်း ရေကစားရာတွင် အခြားသူများအား အနှောင့်အယှက်ဖြစ်စေခြင်း၊ ထိခိုက်နစ်နာစေခြင်းများ ပြုလုပ်ပါက ထောင်ဒဏ်နှင့် ငွေဒဏ်များချမှတ်ခံရနိုင်ကြောင်း ထိုင်းအာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ထားသည်။

 

ဘန်ဘောက်မြို့တော်တွင် စည်ကားစွာကျင်းပမည့် ဆုန်ခရန်ပွဲတော်ကိုလည်း အရက်ကင်းစင်ကြောင်း သေချာစေရန် ဆောင်ရွက်မည်ဖြစ်ကာ ပွဲတော်အား ည ၁၀ နာရီတွင် ပြီးဆုံးစေမည်ဖြစ်ကာ ဘေးကင်းလုံခြုံရေးကို ဦးစားပေးစီစဉ်ထားကြောင်းလည်း သိရသည်။

ဆုန်ကရန်ရေကစားရာ နေရာများတွင်လည်း ရေအမြောက်ကြီးများဖြင့် မပက်ရန်၊ မသင့်တော်သည့် အပြုမူများမလုပ်ရန်၊ ပေါင်ဒါမှုန့်များ မသုံးရန်၊ အခြားသူများ၏ ပစ္စည်းများကို မပျက်စီးစေရန် စသည်ဖြင့် သတိပေးချက်များ၊ စည်းကမ်းချက်များကို ထုတ်ပြန်ထားသည်။

 

သတိပေးချက်များကို ဖောက်ဖျက်ပါက ငွေဒဏ် ဘတ် ၁၀၀၀၀ မှ ၂၀၀၀၀၀ အထိချမှတ်နိုင်ပြီး ထောင်ဒဏ် တစ် လ မှ သေဒဏ်အထိ ချမှတ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ပြင်းထန်သည့်ပြစ်ဒဏ်များမှာ ရေကစားရင်း ခွင့်ပြုချက်မရှိဘဲ သူတစ်ပါးကိုထိတွေ့ခြင်း၊ ဖက်ခြင်း၊ ပွတ်သပ်ခြင်းများ ပြုလုပ်ပါက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုအဖြစ် သတ်မှတ်ည်ဖြစ်ကာ အမြင့်ဆုံးအနေဖြင့် ဘတ်ငွေ နှစ်သိန်းမှ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရသည်။

 

ထို့ပြင် ရေကစားရာမှတဆင့် အကြမ်းဖက်မှု၊ ခြိမ်းခြောက်မှုများ ဖြစ်ပွါးလာပါက ထောင်ဒဏ် ၁၅ နှစ်အထိ ကျခံရနိုင်ပြီး အဆိုပါဖြစ်စဉ်အတွင်းပြင်းထန်စွာဒဏ်ရာရခြင်း၊ သေဆုံးခြင်းဖြစ်ပွါးပါက တစ်သက်တစ်ကျွန်း သို့မဟုတ် သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်းလည်း သတိပေးထုတ်ပြန်ထားသည်။

 

ကိုးကား – Khaosod English