ဧရာဝတီတိုင်းမ်
ဧပြီ ၁၀ ရက်
လူမှုရေး၊ပြန်လည်သင့်မြတ်ရေး၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးတို့ကိုအထောက်အကူပြုစေရန်အတွက် ထိုက်သင့်သောလွတ်ငြိမ်ချမ်းသာဖွင့်ပေးမည်ဟု စစ်ခေါင်းဆောင်အသွင်ပြောင်း အမည်ခံသမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ပြောကြားသည်။
နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် အမည်ခံသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် မိန့်ခွန်းပြောဆိုရာ၌ ထည့်သွင်းပြောကြားသွားခြင်းဖြစ်သည်။
“ လူမှုရေး ပြန်လည်သင့်မြတ်ရေးတရားမျှတမှု နဲ့ ငြိမ်းချမ်းရေးတို့ကို အထောက်အကူပြုစေဖို့နဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထိုက်သင့်တဲ့လွတ်ငြိမ်ချမ်းသာခွင့်တို့ကိုလည်း စဉ်းစားဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” ဟု ပြောသည်။
မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့တွင် နှစ်သစ်ကူးအထိန်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားများကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလေ့ရှိသည်။
လာမည့်သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့တွင် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားနှင့် မြန်မာနိုင်ငံသားများ ကျန်းမာဘေးကင်းစေရန် ဆုတောင်းမေတ္တာပို့သမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်လုပ်ငန်းအဖွဲ့က ထုတ်ပြန်ထားသည်။
မတရားဖမ်းဆီးခံထားရသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂလိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် Blue Shirt Campaign ကို ဧပြီ ၁၀ ရက်မှ ၂၁ ရက်နေ့အထိပြုလုပ်မည့်အစီအစဉ်လည်း ရှိသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ကိုထိန်လင်းအပါအဝင် မြန်မာပြည်သူများနှင့် နိုင်ငံတကာက မတရားဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွတ်ပေးရန် တောင်းဆိုလျက်ရှိသည်။
ဓာတ်ပုံ – လူမှုကွန်ရက်