ဧရာဝတီတိုင်းမ်
ဧပြီ ၁၀ ရက်
တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ်မူကြမ်းကို နှစ် နှစ်ကျော်ကြာအချိန်ယူရေးဆွဲပြီးနောက် ပြီးခဲ့သည့် မတ် ၃၁ မှ ဧပြီ ၂ ရက်နေ့တွင် ကျင်းပသည့် ကော်သူးလေဖက်ဒရယ်ယူနစ် တည်ဆောက်ရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးပွဲတွင် ကော်သူးလေအတိုင်ပင်ခံကောင်စီနှင့် ကော်သူးလေအုပ်ချုပ်ရေးကောင်စီကိုပါ တပြိုင်တည်းဖွဲ့စည်းပြီဖြစ်ကြောင်း KNU ကထုတ်ပြန်သည်။
အစည်းအဝေးပွဲသို့ KNU ဗဟိုနှင့် KNU ခရိုင်များမှအရာရှိများ၊ လူငယ်ကိုယ်စားလှယ်များ၊ အမျိုးသမီးကိုယ်စားလှယ်များ၊ လူမျိုးစုကိုယ်စားလှယ်များမှ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)က ဖွဲ့စည်းလိုက်သည့် ကော်သူးလေအတိုင်ပင်ခံကောင်စီမှာ ဖက်ဒရယ်ယူနစ်တည်ဆောက်ရေးတွင် ပိုမိုအားကောင်းလာစေရန်နှင့် လိုအပ်သည့်အကြံပေးလမ်းညွှန်မှုများ ရရှိစေရန် ရည်ရွယ်ထားကြောင်းသိရသည်။

ကော်သူးလေအုပ်ချုပ်ရေးကောင်စီ၏ တာဝန်မှာ အုပ်ချုပ်ရေးဌာန ၁၂ ခုအနက် ဌာန ခုနှစ် ခုမှစတင်ကာ အုပ်ချုပ်ရေးဌာနများ ပိုမိုကျယ်ပြန့်စွာပါဝင်လာရေးနှင့် စွမ်းဆောင်ရည် ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ထားပြီး ယခုအခါ ရှစ်ခုမြောက်ဌာဖြစ်သည့် အမျိုးသမီး၊ လူငယ်၊ ကလေးသူငယ်ရေးရာ ဌာနကို အသစ်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ကော်သူးလေပဋိညာဉ်သည် အောက်ခြေမှအထက်သို့ ဖက်ဒရယ်ထူထောင်ရေးလုပ်ငန်းစဉ်ဖြင့် ကော်သူးလေဖက်ဒရယ်စနစ်ကို ထူထောင်ကာ စစ်အာဏာရှင်ကိုတိုက်ခိုက်ရင်းဖြင့် တော်လှန်ရေးကာလအလွန်တွင် အသွင်ကူးပြောင်းရေးအတွက် အရေးကြီးသည့် ခြေလှမ်းဖြစ်ကြောင်းလည်း KNU ကထုတ်ပြန်ထားသည်။
တော်လှန်ရေးကာလ ကော်သူးလေပဋိညာဉ် အခြေပြု၍ KNU၏ ခရိုင်ခုနှစ်ခု မှကိုယ်စားလှယ်များနှင့် သတ်မှတ်ထားသည့် စံတန်ဖိုးများဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ကော်သူးလေဖက်ဒရယ်ယူနစ်ကို ဒီမိုကရေစီနည်းလမ်းကျ ဆက်လက်အကောင်ထည်ဖော်သွားမည်ဖြစ်ကြောင်းလည်း KNU ကပြောဆိုထားသည်။
ဓာတ်ပုံ – KNU