နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီ ၁၀ ရက်

အရပ်သား အမည်ခံစစ်အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးအရ စိတ်ဓာတ်စစ်ဆင်ရေးများ တိုးမြှင့် လုပ်ဆောင်ရန်နှင့် တပ်သားသစ်များ စုဆောင်းစည်းရုံးနိုင်ရေးအတွက် တပ်မတော်လူငယ်ပညာရေး သင်တန်းကျောင်းများ ဖွင့်လှစ်သွားမည်ဟု တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ထုတ်ဖော် ပြောဆိုသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ယုံကြည်မှုဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်) ရာထူး ရရှိလာပြီးနောက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ပြီးခဲ့သည့် ဧပြီ ၈ ရက်က နေပြည်တော်၌ ပြုလုပ်သည့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး (ကကပြည်) ၏ (၇၉) နှစ်မြောက် နေ့တွင် ထိုသို့ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

“စစ်ဘက်-အရပ်ဘက်ဆက်ဆံရေး ပိုမိုရေရှည်တည်တံ့ခိုင်မာရေးအတွက် အဓိကအရေးပါတဲ့ ကကပြည်နဲ့ ကွပ်ကဲမှုအောက်တပ်တွေအတွက် လိုအပ်တဲ့ အသွင်သဏ္ဌာန်ပိုင်းနဲ့ အနှစ်သာရပိုင်း ကိုလည်း ပိုမိုခေတ်မီတိုးတက်အောင် ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းသွားမယ်” ဟု ၎င်းက ပြောသည်။

ထို့အတူ လက်ရှိ၎င်းတို့ စစ်အစိုးရသစ်လက်ထက်တွင်လည်း ကကပြည်တပ်ဖွဲ့များ၏ စွမ်းပကား (စိတ်ဓာတ်စစ်ဆင်ရေးများ)နှင့် နိုင်ငံ့အရေးအတွက် ဆက်လက်အားဖြည့်ကူညီ ကြိုးပမ်းသွားရန် တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ညွှန်ကြားခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးအနေဖြင့် တပ်ချုပ်သစ် ဖြစ်ပြီးနောက် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ယင်းအခမ်းအနားအား ပထမဆုံးဦးဆောင် တက်ရောက်ခြင်းဖြစ်ပြီး သင်တန်းကျောင်း များကို နေပြည်တော်နှင့် ရန်ကုန်တွင် ဖွင့်မည်ဖြစ်ကြောင်း သိရသည်။

“ဒီလိုဖွင့်ပေးခြင်းအားဖြင့် ကာကွယ်ရေးအတွက် လူငယ်မျိုးဆက်သစ်ကောင်းတွေ စဉ်ဆက်မပြတ် ထွန်းကားလာမယ့်အပြင် ပညာပြည့်ဝတဲ့ တပ်မတော်သား အရင်းအမြစ်ကောင်းတွေလည်း ပေါ်ထွန်း လာမှာဖြစ်တယ်” ဟု တပ်ချုပ်သစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက လက်အောက်ခံများကို ပြောသည်။

အတန်းစဉ်ကူးပြောင်းမှုကောင်းပြီး စစ်ကော်မရှင်လက်အောက်ခံ ပညာရေးဝန်ကြီးဌာန၏ သတ်မှတ် အရည်အချင်းများနှင့် ကိုက်ညီသည့် ကျောင်းသားများကို စစ်ဘက်ဆိုင်ရာ တက္ကသိုလ်၊ သင်တန်းကျောင်း များတွင် ဆက်လက်တက်ရောက်နိုင်ရန် ကူညီဖြည့်ဆည်း ဆောက်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ဆိုသည်။

ထိုသင်တန်းကျောင်းများကို လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌စတင်၍ ပညာရေးကဏ္ဍသစ်အဖြစ် ဖော်ဆောင်သွားမည်ဖြစ်ပြီး စစ်မှုထမ်းဆဲ တပ်ဖွဲ့ဝင်နှင့် အငြိမ်းစား သားသမီးများအပြင် သေဆုံး တပ်ဖွဲ့ဝင် သားသမီးများပါ တက်ရောက်နိုင်ကြောင်း စစ်ကော်မရှင် ထုတ်ပြန်ချက်အရ သိရသည်။

“ပညာရေးကျောင်းတွေဆိုတာ ကကပြည်ရဲ့အောက်မှာ ရှိပြီးသားပါ။ အဲဒီကျောင်းတွေမှာ အခုသေဆုံး စစ်သည်တွေရဲ့ သားသမီးတွေပါ ထပ်ပြီးတက်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးတိုးလာတာ တွေ့ရတယ်။ စစ်သားစုစည်းဖို့ စည်းရုံးတဲ့သဘောပါ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ကက-ပြည်ကိုလည်း ပိုမိုပုံဖော်လာပြီး အဆင့်လိုက်သင်တန်း မတက်ရသေးလျှင် ရာထူးမတိုးပေးဟု ညွှန်ကြားထားသလို တိုက်စည်းကျောင်း များအား ဖိဖိစီးစီးလုပ်လာ၍ တပ်ချုပ်သစ်ရဲဝင်းဦးက ပြန်လည်မွမ်းမံမည့် သဘောဖြစ်ကြောင်း ၎င်းက ဆိုသည်။

စစ်ကော်မရှင်သည် တော်လှန်ရေး အင်အားစုများ၏ ခုခံတော်လှန်မှုများကြောင့် ၎င်းတို့လက်အောက်ခံ တပ်ဖွဲ့ဝင်များ၏ တိုက်ပွဲဝင်လိုစိတ် ကျဆင်းနေမှုကို ဖုံးကွယ်သွားရန် ကကပြည်အား လက်နက်သဖွယ် အသုံးချပြီး တော်လှန်ရေး အင်အားစုများအား ဖဲ့ထုတ် စည်းရုံးရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည်။

ကကပြည်သည် စိတ်ဓာတ်စစ်ဆင်ရေးအဖြစ် တော်လှန်ရေး အင်အားစုများအကြား သံသယပွားစေရန်၊ ပြည်သူအတွင်း အကြောက်တရားနှင့် မျှော်လင့်ချက်အတု ဖန်တီးရန်၊ တပ်တွင်းစည်းလုံးမှု တည်ဆောက်ရန်နှင့် နိုင်ငံ တကာအမြင်ကို လှည့်စားရန် လုပ်ဆောင်နေလျက်ရှိကြောင်း CDM အရာရှိ များထံက သိရသည်။

“ကကပြည်ဟာ စစ်ကော်မရှင်အတွက် အရေးပါတဲ့ ဌာနကြီးတစ်ခုဖြစ်တယ်။ စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေး တွေ၊ စိတ်ဓာတ်စစ်ဆင်ရေးတွေ၊ စစ်ရေး/နိုင်ငံရေး ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ပေး နေတဲ့ အဓိကျတဲ့ ဌာနကြီးဖြစ်တယ်” ဟု CDM ဗိုလ်မှူး နောင်ရိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါဌာနအောက်၌ စိတ်ဓာတ်စစ်ဆင်ရေးအတွက် လုပ်ဆောင်ပေးနေသည့် တပ်ဖွဲ့၊ တပ်ခွဲများရှိပြီး အဓိကအသက်သွေးကြော သင်တန်းများဖြစ်သည့် တိုက်ပွဲဝင်စည်းရုံးရေး (အကြပ်တပ်သား/အရာခံ အကြပ်ကြီး)နှင့် အရာရှိတိုက်စည်းသင်တန်းများ၊ နည်းပြသင်တန်းများ (အခြားအဆင့်/အရာရှိ) တို့ရှိသည်။

တပ်ချုပ်သစ် ဖြစ်လာသူ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ယခင်က စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် (စရခချုပ်) အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး လက်ရှိတွင် ကကပြည် ညွှန်ကြားရေးမှူးအဖြစ် ဗိုလ်မှူးချုပ် ရဲရင့်အောင်ကို အစားထိုးခန့်အပ်ကာ စိတ်ဓာတ်စစ်ဆင်ရေးနှင့် ဝါဒဖြန့်ချိရေးကဏ္ဍကို အရှိန်မြှင့်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ဓာတ်ပုံ-MOI