‎ဧရာဝတီတိုင်းမ်
‎ဧပြီ ၁၀ရက်

ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ ရှေ့တန်းစခန်း သုံး ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်ပြီးနောက် စစ်ကော်မရှင်က အင်အားဖြည့်တင်းမှုများ ဆက်တိုက်လုပ်ဆောင်နေသဖြင့် စစ်ရေး တင်းမာ မှုများ မြင့်တက်နေကြောင်း သိရသည်။

လက်ရှိတွင် စစ်ကော်မရှင်သည် ဖားကန့်ဒေသသို့ ကာမိုင်းဘက်မှတစ်ဆင့် ခြေလျင်စစ်ကြောင်းများဖြင့် အင်အားဖြည့်တင်းလျက်ရှိသည်။ ယခုတစ်ကြိမ် စစ်ကြောင်းထိုးရာတွင် လေယာဉ်ဖြင့် ပေးပို့ခြင်း မဟုတ်ဘဲ မြေပြင်ခြေလျင်စစ်ကြောင်းများကိုသာ အသုံးပြုနေခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ် များထမှ သိရသည်။

‎”စစ်တပ်က အင်အားဖြန့်ထားတယ်ကြားတော့ ဆိုင်းတောင်ဘက်ထိ စစ်ပွဲရောက်လာမှာ စိုးရိမ်ကြတယ်။ လုံးခင်းဘက်တော့ အင်တာနက်ရနေသေးတယ်။ ဆွတ်ဘွမ်ဘက်တော့ အဆက်အသွယ်မရဘူး” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ဝါရာဇွပ်ပြည်သူ့စစ်၊ ဖားကန့်လယ်ပြင် ယမ်းချက်စက်ရုံနှင့် ဖားကန့်တပ်မကုန်းတို့မှ ပူးပေါင်း ထားသည့် စစ်ကြောင်းများသည်လည်း လုံးခင်းနှင့် မှော်ဆီစာ ကျေးရွာများအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ လုံးခင်းရှိ မျောက်ကုန်းရဲစခန်း ဝန်းကျင်မှလွဲ၍ ကျန်နေရာများတွင် တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသေးဘဲ နှစ်ဖက်စောင့်ကြည့်နေသည့် အခြေအနေတွင် ရှိနေသည်။

‎စစ်ရေးအခြေအနေမှာ ငြိမ်သက်နေသကဲ့သို့ ရှိသော်လည်း စစ်ကော်မရှင်ဘက်မှ လေကြောင်း တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေပြီး ယမန်နေ့ ဧပြီ ၉ ရက်နေ့ကလည်း ဖားကန့်မြို့နယ်အတွင်းရှိ အမှိုက်ပုံရွာကို ဂျက်ဖိုက်တာ နှစ်စင်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖားကန့်ဒေသအတွင်းရှိ အရေးပါသည့် ရှေ့တန်းစခန်းများ လက်လွှတ်ခဲ့ရပြီးနောက် စစ်ကော်မရှင်က ယခုကဲ့သို့ စစ်အင်အားတိုးချဲ့လာခြင်းကြောင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့် အခြေအနေကို ဒေသခံများက စိုးရိမ်လျက်ရှိကြသည်။

ပုံစာ-စစ်ကော်မရှင် တပ်ဖွဲဝင်များ (ပုံဟောင်း)