‎​ဧရာဝတီတိုင်းမ်
‎ဧပြီ ၁၀ရက်

 

‎အာရက္ခတပ်တော်၏ ပြတ်သားသောဦးဆောင်မှုသည် တော်လှန်ရေးတပ်ဖွဲ့များအတွက် စံနမူနာကောင်းဟု CRPH က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

‎​အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက် အထိမ်းအမှတ်နေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ခြင်းဖြစ်သည်။
‎‎

၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် လူငယ် ၂၆ ဦးဖြင့် လိုင်ဇာမြို့၌ စတင်မျိုးစေ့ချခဲ့သော အာရက္ခတပ်တော်သည် ယနေ့တွင် (၁၇) နှစ် တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ တော်လှန်ရေးခရီးလမ်းတစ်လျှောက် အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ကြသည့် အာဇာနည်များနှင့် ရှေ့တန်းမျက်နှာစာမှ ရဲဘော်များကို CRPH က ဦးညွှတ်အလေးပြုကြောင်းလည်း ဖော်ပြထားသည်။

အာရက္ခတပ်တော်သည် အာရက္ခဒေသအတွင်း စစ်ရေး၊ နိုင်ငံရေး အောင်မြင်မှုများအပြင် ပြည်သူ့အုပ်ချုပ်ရေးယန္တရားများကို စနစ်တကျ ဖော်ဆောင်နေခြင်းအပေါ် အလေးအနက် ဂုဏ်ပြုကြောင်း သဝဏ်လွှာတွင် ပါရှိသည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ​အာရက္ခတပ်တော်အပါအဝင် မဟာမိတ်အင်အားစုအားလုံးနှင့် အပြန်အလှန်လေးစားမှုအပေါ် အခြေခံကာ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပြီး ​ညီညွတ်သော အင်အားဖြင့် ဘုံရည်မှန်းချက်သို့ တညီတညွတ်တည်း ချီတက်ရန် တိုက်တွန်းထားသည်။

 

‎​အာရက္ခတပ်တော်သည် ပြည်သူတို့ ယုံကြည်အားကိုးရသော တပ်မတော်အဖြစ် ဆက်လက်ခိုင်မာပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် အဓိကမဏ္ဍိုင်အဖြစ် ပါဝင်နိုင်ပါစေကြောင်း CRPH က ဆုမွန်ကောင်းတောင်းထားသည်။