ဧရာဝတီတိုင်းမ်
ဧပြီ ၁၀ ရက်

အမည်ခံသမ္မတအဖြစ် ကျမ်းသစ္စာဆိုခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ ဧပြီ ၁၀ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) ကို ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး၊ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းကိုမူ “ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ” ဥက္ကဋ္ဌအဖြစ် ရာထူးပြောင်းလဲ ခန့်အပ်လိုက်ကြောင်း ကြေညာသည်။

ယနေ့ထုတ်ပြန်သည့် အမိန့်အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) တွင် အမည်ခံသမ္မတအဖြစ် ဦးမင်းအောင်လှိုင်ကိုယ်တိုင် ဦးဆောင်ပြီး ဒုသမ္မတများအဖြစ် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့ကို ထည့်သွင်းထားသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့က စစ်တပ်အတွင်း ထိပ်ပိုင်းရာထူး အပြောင်းအလဲများ ပြုလုပ်ခဲ့ပြီးနောက် ၎င်း၏လူယုံတော်များဖြစ်သည့် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်း တို့ကို ကာလုံအဖွဲ့ဝင်အဖြစ် တရားဝင် ထည့်သွင်းဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် စစ်ခေါင်းဆောင်သည် “ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ” ကို ထပ်မံ ဖွဲ့စည်းခဲ့ပြီး ယင်းအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ဒုစစ်ခေါင်းဆောင် စိုးဝင်းကို ခန့်အပ်ထားသည်။ အဆိုပါ အတိုင်ပင်ခံ ကောင်စီတွင် ဦးစိုးဝင်းနှင့်အတူ ဦးမောင်မောင်အေး၊ ဦးသန်းဆွေ၊ ဦးကိုကိုလှိုင်၊ ဦးကိုကိုကြီးနှင့် မန်းငြိမ်းမောင် အပါအဝင် အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

အတိုင်ပင်ခံကောင်စီသည် လုံခြုံရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် ဥပဒေပြုရေးကိစ္စရပ်များကို အမည်ခံ သမ္မတထံ အကြံပြုရမည့်အဖွဲ့ဖြစ်ပြီး တပ်တွင်းသြဇာရှိသည့် ဒုစစ်ခေါင်းဆောင် စိုးဝင်းကို အာဏာရှိသည့် ကာလုံအဖွဲ့ဝင်အဖြစ်မှ ဖယ်ထုတ်ကာ အကြံပေးအဖွဲ့သို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။

ကာလုံအဖွဲ့သစ်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးအောင်လင်းဒွေးတို့ကိုလည်း ထည့်သွင်းဖွဲ့စည်းထားသဖြင့် စစ်ခေါင်းဆောင်သည် အာဏာတည်မြဲ ရေးအတွက် ၎င်း၏ လူယုံတော်များကိုသာ နေရာပေးကာ အစိုးရယန္တရားကို စိတ်ကြိုက်ပုံဖော်လာခြင်း ဖြစ်သည်။