ဧရာဝတီတိုင်းမ်
‎ဧပြီ ၁၀ရက်

“မနောမြေမှ တေးသံသာ” သီချင်းဖြင့် အောင်မြင်ထင်ရှားခဲ့သည့် ကချင်အမျိုးသား တေးသံရှင် ဂျက်ဆန်ထွန်း (Lahtaw Zau Lum) ကွယ်လွန်သွားသည့်အတွက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ကျန်ရစ်သူမိသားစုထံ ကိုယ်တိုင်သွားရောက်အားပေး နှစ်သိမ့်ခဲ့ကြောင်း သိရသည်။

 

တေးသံရှင် ဂျက်ဆန်ထွန်းသည် ဦးနှောက်သွေးကြောပေါက် ဝေဒနာကြောင့် ဆေးရုံတွင် ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီးနောက် ယမန်နေ့ ဧပြီ ၉ ရက် (ကြာသပတေးနေ့) ညနေပိုင်းက လိုင်ဇာမြို့တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

“ဆေးရုံမှာ အော်ပရေးရှင်း eSpfခါဝင်ရတယ်။ ICUထဲ ထားရတယ်လို့ ပြန်ကြားတာပေါ့နော်။ ပြန်ကောင်းလာဖို့ မျှော်လင့်ခဲ့တာပါ။ ကောင်းတာတွေလုပ်ခဲ့လို့ ကောင်းတဲ့အရပ်ကိုပဲ သွားမှာပါ” ဟု ကွယ်လွန်သူဂျက်ဆန်ထွန်းနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဂျက်ဆန်ထွန်းသည် တော်လှန်ရေးနယ်မြေများသို့ သွားရောက်၍ ရဲဘော်များ၏ စိတ်ဓာတ်မြှင့်တင်ရေး အတွက် အနုပညာဖြင့် တက်ကြွစွာ ပါဝင်ကူညီခဲ့သူ ဖြစ်သဖြင့် ၎င်းကွယ်လွန်မှုအပေါ် ပြည်သူ့ကာကွယ် ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသကလည်း ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့သည်။

 

“တော်လှန်ရေးတွင် ရဲဘော်များ စိတ်ဓာတ်မြှင့်တင်ရေး လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပါဝင် ဆောင်ရွက်ခဲ့သော အဆိုတော် ဂျက်ဆန်ထွန်း ကွယ်လွန်သွားပါသဖြင့် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။ ၎င်း၏ စွမ်းဆောင်မှုများကို အထူးဂုဏ်ယူ မှတ်တမ်းတင်အပ်ပါသည်” ဟု အမှတ် (၁) စစ်ဒေသ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဂျက်ဆန်ထွန်းသည် ကချင်ရိုးရာဂီတနှင့် ခေတ်ပေါ်တေးသီချင်းများကို ပေါင်းစပ်ဖန်တီးနိုင်သူ ဖြစ်ပြီး ကချင်တိုင်းရင်းသားများသာမက မြန်မာပြည်သူအများအပြား ချစ်ခင်လေးစားရသည့် တော်လှန် အနုပညာရှင် တစ်ဦးဖြစ်သည်။

 

ဓာတ်ပုံ-လူမှုကွန်ရက်